ဗြိတိန်နိုင်ငံ ဂတ်ဝစ်ခ်လေဆိပ်နားတစ်ဝိုက်တွင် မောင်းသူမဲ့လေယာဉ်( ဒရုန်း)များကို ရာဇဝတ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် မောင်းနှင်ပျံသန်းစေမှုနှင့်ဆက်စပ်ပြီး လူနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၂ ရက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၂၁ ရက် နှောင်းပိုင်းတွင် ဖမ်းမိခဲ့သည့် သံသယရှိသူနှစ်ဦးနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိခဲ့ချေ။ ဂတ်ဝစ်ခ်နယ်မြေတွင်နေထိုင်သည့် အများပြည်သူအနေဖြင့် ဒရုန်းများကိုစောင့်ကြည့်ပေးရန် ရဲမှူး ဂျိမ်းစ်ကောလစ်က တိုက်တွန်းထားသည်။
ဒီဇင်ဘာ ၂၁ ရက်တွင် ဒရုန်းများကို ထပ်မံမြင်တွေ့ရသောကြောင့် လေဆိပ်ရှိ ခရီးသွားများအတွက် အခက်အခဲများရှိလာခဲ့သည်။ လေဆိပ်သည် ဒီဇင်ဘာ ၁၉ ရက် အနှောင်းပိုင်းနှင့် ဒီဇင်ဘာ ၂၀ ရက် တစ်ရက်လုံး ပိတ်ထားခဲ့ရပြီးဖြစ်ကာ ဒီဇင်ဘာ ၂၁ ရက် နံနက် ၆ နာရီတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ခရီးသွားရာသီအတွင်း ခရီးသွားလာသူအများဆုံးဖြစ်သည့် နေ့ရက်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဒရုန်းများကို လွှတ်တင်ခြင်းဖြစ်ကြောင်း ကောလစ်ကပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၂၁ ရက် နှောင်းပိုင်းတွင် ဂတ်ဝစ်ခ်၌ လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခြင်း၊ နှောင့်နှေးခြင်းတို့ရှိခဲ့သည်။ လန်ဒန်မြို့တောင်ဘက် မိ်ုင် ၃၀ အကွာရှိ ဂတ်ဝစ်ခ်၌ ဒရုန်းနှောင့်ယှက်မှုသည် နိုင်ငံတကာလေကြောင်း စနစ်အပေါ် သက်ရောက်မှုရှိခဲ့သည်။
တစ်နှစ်လျှင် ခရီးသည် ၄၃ သန်းကို သယ်ယူပို့ဆောင်ပေးနေရသည့် ဂတ်ဝစ်ခ်လေဆိပ်သို့ ဒရုန်းများ ကျူးကျော်ဝင်ရောက်နေခြင်းကို တားဆီးနိုင်ရန် စီစဉ်လိုက်ပြီဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့နှင့် ပို့ဆောင်ရေးအရာရှိများကပြောဆိုခဲ့သည်။
အထူးကိရိယာများပါဝင်သည့် စစ်သည်များနှင့် အထူးရဲတပ်ဖွဲ့ဝင်များသည် ၂၄ နာရီပတ်လုံး လုံခြုံရေးတာဝန်ယူထားပြီး ခရီးသွားရာသီအတွင်း ထိခိုက်မှုများရှိအောင် ဒရုန်းများလွှတ်တင်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
ဒရုန်းလွှတ်တင်ရသည့် ရည်ရွယ်ချက်ကိုမသိရသေးသော်လည်း အကြမ်းဖက်မှုနှင့်ဆက်စပ်မှုမရှိနိုင်ကြောင်း ရဲမှူးကောလစ်ကပြောဆိုခဲ့သည်။ လေဆိပ်လည်ပတ်မှုရပ်ဆိုင်းထားစဉ် ဒရုန်း ၄၀ ခန့်ကိုမြင်တွေ့ခဲ့ရကြောင်း ပို့ဆောင်ရေးဝန်ကြီး ခရစ်ဂရေးလင်းကပြောဆိုခဲ့သည်။

















