အသုံးစရိတ်သဘောတူညီမှုမရသေးသဖြင့် အမေရိကန်အစိုးရလည်ပတ်မှုတစ်စိတ်တစ်ပိုင်း ရပ်ဆိုင်း

အသုံးစရိတ်သဘောတူညီမှုမရသေးသဖြင့် အမေရိကန်အစိုးရလည်ပတ်မှုတစ်စိတ်တစ်ပိုင်း ရပ်ဆိုင်း

အမေရိကန်လွှတ်တော်အမတ်များသည် အစိုးရအသုံးစရိတ်နှင့်ပတ်သက်၍ သဘောတူညီမှုမရနိုင်သေးသောကြောင့် အမေရိကန်အစိုးရ၏လည်ပတ်မှုတစ်စိတ်တစ်ပိုင်း စတင်ရပ်ဆိုင်းနေပြီဖြစ်သည်။

အမေရိကန်နှင့် မက္ကဆီကိုနယ်စပ်တစ်လျှောက် တံတိုင်းဆောက်လုပ်မှုအတွက် ဒေါ်လာ ငါးဘီလီယံ ထုတ်ပေးရန်နှင့် ယင်းသို့ထုတ်ပေးခြင်းမပြုပါက မည်သည့်သဘောတူညီမှုကိုမျှ လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း  အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုထားပြီးဖြစ်သည်။

သဘောတူညီမှုမရနိုင်သောကြောင့် အမေရိကန်ပြည်ထောင်စုဝန်ကြီးဌာနလေးပုံတစ်ပုံသည် ဒီဇင်ဘာ ၂၁ ရက် သန်းခေါင်ယံမှစ၍ လည်ပတ်မှုရပ်ဆိုင်းသွားမည်ဖြစ်သည်။ အမိမြေလုံခြုံရေး၊ ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ နိုင်ငံခြားရေးနှင့် တရားရေးဝန်ကြီးဌာနများ လည်ပတ်မှုရပ်ဆိုင်းသွားမည်ဖြစ်ပြီး ပြည်ထောင်စုဥယျာဉ်များနှင့် သစ်တောများကို ခေတ္တပိတ်ထားမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း အစိုးရလည်ပတ်မှုတတိယအကြိမ်မြောက်ရပ်ဆိုင်းခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရဝန်ထမ်းထောင်ပေါင်းများစွာသည် လစာမရရှိဘဲ လုပ်ကိုင်ကြရမည်ဖြစ်ပြီး တချို့သည်လည်း ယာယီခွင့်ယူကြရမည်ဖြစ်သည်။

ဒီမိုကရက်အမတ်များကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း ထရမ့်က တွစ်တာ၌ ပြစ်တင်ရေးသားခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြုလိုက်သည့် အစိုးရအသုံးစရိတ်ဆိုင်ရာဥပဒေကြမ်းတွင် ထရမ့် တည်ဆောက်လိုသည့် တံတိုင်းအတွက် ငွေကြေးထောက်ပံ့မည့် အကြောင်းအရာမပါဝင်ခဲ့ချေ။

လက်ရှိစည်းမျဉ်းများအရ အသုံးစရိတ်ဆိုင်ရာဥပဒေကြမ်များကို အောက်လွှတ်တော်၌ မဲအများစုအသာဖြင့် အတည်ပြုခွင့်ရှိနေသည်။ ထရမ့်၏ရီပတ်ဘလီကန်ပါတီသည် အောက်လွှတ်တော်ကိုထိန်းချုပ်ထားသော်လည်း သက်တမ်းဝက်ရွေးကောက်ပွဲများတွင် အနိုင်ရရှိထားသည့် ဒီမိုကရက်များသည် ဇန်နဝါရီမှစ၍ အောက်လွှတ်တော်ကို ထိန်းချုပ်ခွင့်ရရှိမည်ဖြစ်သည်။

အမေရိကန်အောက်လွှတ်တော်သည် တံတိုင်းဆောက်လုပ်ရန်အတွက် ရန်ပုံငွေ ဒေါ်လာ ငါးဘီလီယံထုတ်ပေးရန် ဥပဒေကြမ်းကိုအတည်ပြုပေးခဲ့ပြီးဖြစ်သော်လည်း အထက်လွှတ်တော်တွင်း အတည်ပြုနိုင်ရန် ထောက်ခံမဲ ၆၀ ကိုလိုအပ်နေသည်။ အထက်လွှတ်တော်တွင်း ရီပတ်ဘလီကန်များသည် အမတ်နေရာ ၅၁ နေရာကိုသာရရှိထားသည်။

နိုင်ငံတောင်ပိုင်းတွင် တံတိုင်းဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ထရမ့်က ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံးစဉ် ကတိပြုခဲ့သည်။ ထရမ့်၏အစီအစဉ်အတွက် အမေရိကန်အခွန်ထမ်းပြည်သူများ ပေးဆောင်စရာမလိုကြောင်း ဒီမိုကရက်များကပြောဆိုခဲ့သည်။

အစိုးရအဖွဲ့လည်ပတ်မှုတစ်စိတ်တစ်ပိုင်းရပ်ဆိုင်းခြင်းအတွက် ရီပတ်ဘလီကန်များတွင်တာဝန်မရှိဘဲ ဒီမိုကရက်များကသာ ရပ်ဆိုင်းမှုအတွက် တာဝန်ရှိကြောင်း ထရမ့်ကပြောဆိုထားသည်။