ဘာစီလိုနာ၌ လွတ်လပ်ရေးလိုလားသူများ ဆန္ဒပြခဲ့ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့

ဘာစီလိုနာ၌ လွတ်လပ်ရေးလိုလားသူများ ဆန္ဒပြခဲ့ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့

စပိန်နိုင်ငံရှိ လွတ်လပ်ရေးလိုလားသော ကာတာလိုနီးယားဒေသ၏မြို့တော် ဘာစီလိုနာ၌ ဗဟိုအစိုးရက အစည်းအဝေးလာရောက်ကျင်းပနေခြင်းကို လှုံ့ဆော်မှုအဖြစ် ယူဆသည့်အတွက် ကာတာလိုနီးယားဒေသခံများသည် ဒီဇင်ဘာ ၂၁ ရက်တွင် ချီတက်ဆန္ဒပြမှုများကိုပြုလုပ်ခဲ့ပြီး အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ဆုံခဲ့သည်။

ဆန္ဒပြသူ ၁၂ ဦးခန့် ဖမ်းဆီးခံခဲ့ရပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ မော့ဆိုရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

စပိန်၏ဗဟိုအစိုးရသည် ၁၉၄၀ ပြည့်နှစ်တွင် အဆုံးစီရင်ခြင်းခံခဲ့ရသည့် ကာတာလန်ခေါင်းဆောင်တစ်ဦးအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို ဖျက်သိမ်းခြင်းနှင့် ကာတာလိုနီးယားဒေသအတွက် အခြေခံအဆောက်အအုံစီမံကိန်းများအဆင့်မြှင့်တင်ခြင်းတို့အပါအဝင် ချစ်ကြည်ရေးကမ်းလှမ်းမှုများကို ပြုလုပ်ခဲ့သော်လည်း ဒေသခံများက မကျေမနပ်သေးဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြသူများသည် ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်ဇ် ဘာစီလိုနာမြို့တွင်းရှိနေခြင်းကို အဓိကမကျေနပ်ကြခြင်းဖြစ်သည်။ ခွဲထွက်ရေးလိုလားသော ပါတီများဖြင့်ဖွဲ့စည်းထားသည့် ကာတာလန်ဒေသဆိုင်ရာအစိုးရသည် ဗဟိုအစိုးရနှင့် ဆွေးနွေးမှုများကိုပြုလုပ်နေခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရန် ကာတာလန်အစိုးရက တိုက်တွန်းထားသည်။

ကာတာလိုနီးယားဒေသ၏အနာဂတ်အတွက် စေ့စပ်ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာမည်ဖြစ်ကြောင်း ဆန်ချက်ဇ်နှင့် ကာတာလန်ခေါင်းဆောင် ကွမ်တော်ရာတို့က ပူးတွဲထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက် ဆွေးနွေးမှုတွင် တိုးတက်မှုများရှိခဲ့သော်လည်း အကြမ်းဖက်မှုပါဝင်သော ဆန္ဒပြမှုများရှိလာသဖြင့် အမျိုးသားရဲတပ်ဖွဲ့သည် အဓိကရုဏ်းနှိ်မ်နင်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ကာ  ကာလာတန်ရဲတပ်ဖွဲ့ဝင်များအား အားဖြည့်ပေးခဲ့သည်။