ဟန်ဂေရီတွင် အချိန်ပိုကြေးဆိုင်ရာ မျှတမှုမရှိသော အလုပ်သမားဥပဒေကို ဆန္ဒပြကန့်ကွက်မှုများဆက်လက်ဖြစ်ပွား

ဟန်ဂေရီတွင် အချိန်ပိုကြေးဆိုင်ရာ မျှတမှုမရှိသော အလုပ်သမားဥပဒေကို ဆန္ဒပြကန့်ကွက်မှုများဆက်လက်ဖြစ်ပွား

ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းများကိုယခင်ထက် အချိန်ပို နှစ်ဆဆင်းခိုင်းခွင့်ရှိပြီး၊ အချိန်ပိုကြေးကိုသုံးနှစ်ထိရွှေ့ဆိုင်းခွင့်ရှိသည့် အလုပ်သမားဥပဒေကိုဟန်ဂေရီတွင် ကန့်ကွက်ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

မျှတမှုမရှိသောအလုပ်သမားဥပဒေပြင်ဆင်ချက်ကိုလက်မှတ်ရေးထိုးခဲ့သည့် သမ္မတယာနော့စ် အာဒါ ၏ သမ္မတရုံးသို့ ဆန္ဒပြသူများချီတက်ဆန္ဒပြခဲ့ကြသည်။

ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကမူအချိန်ပိုဆင်းနိုင်သည့် နာရီကို နှစ်ဆတိုး ပြဌာန်းခြင်းမှာအလုပ်ပိုလုပ်ချင်သူများပိုလုပ်ကာ၊ ဝင်ငွေပိုရစေရန်အတွက်ဖြစ်ကြောင်း ခုခံပြောကြားထားသည်။

ဥပဒေ ပြင်ဆင်ချက်အသစ်အရကုမ္ပဏီများသည် ဝန်ထမ်းများကိုယခင်ကတစ်နှစ်လျှင် အချိန်ပိုနာရီ ၂၅၀ ဆင်းခိုင်းနိုင်ရာမှ နာရီ ၄၀ဝ သို့ တိုးမြှင့်သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် ထိုအချိန်ပိုကြေးများကိုမူသုံးနှစ်အထိရွှေ့ဆိုင်းပြီးမှ ပေးချေနိုင်ကြောင်းလည်း ဥပဒေကသတ်မှတ်ပေးထားသည်။

အလုပ်သမားသမဂ္ဂများကလည်း ဥပဒေသစ်ကိုကန့်ကွက်လျက်ရှိပြီး အထွေထွေလုပ်သားသပိတ်ကြီးမှောက်မည်ဟု ခြိမ်းခြောက်ထားသည်။ နိုင်ငံမြောက်ပိုင်းရှိဇီဂတ်မြို့၊ ဆယ်ဂိုတာဂျန်မြိ့ အုပ်ချုပ်ရေးအဖွဲ့များကအစိုးရ၏ အလုပ်သမားဥပဒေ ပြင်ဆင်ချက်အသစ်ကို လက်ခံကျင့်သုံးမည်မဟုတ်ဟု ကြေညာထားကာ ဆန္ဒပြနေသူများကို ထောက်ခံထားကြောင်းလည်း တွေ့ရသည်။

ဝန်ကြီးချုပ် အော်ဘန်၏ ဖီဒက်ဇ်ပါတီကမူဆန္ဒပြပွဲများသည်  ပြည်ပကသွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ဟန်ဂေရီဖွားအမေရိကန် ဘီလီယံနာသူဌေးဂျော့ ဆိုးရော့စ်ကရန်ပုံငွေထောက်ပံ့ကာ ဆန္ဒပြပွဲများ ဖြစ်ပွားအောင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။ မစ္စတာဆိုးရော့စ်ကမူစွပ်စွဲချက်များကို ငြင်းဆိုထားသည်။