အမေရိကန်နှင့် မက္ကဆီကိုနယ်စပ်ကိုတရားမဝင် ဖြတ်ကျော်ကာ အမေရိကန်မြေထဲဝင်ရောက်လာသူများအား ခိုလှုံခွင့်လျှောက်ထားခွင့် ပိတ်ပင်မည့် သမ္မတဒေါ်နယ်ထရမ့် အစိုးရ၏ အစီအစဉ်ကိုဗဟိုတရားရုံးချုပ်က ပယ်ချလိုက်ကြောင်းသိရသည်။
ဗဟိုတရားရုံးချုပ်က ၅ မဲ၊ ၄ မဲဖြင့်သမ္မတထရမ့်၏ အစီအစဉ်ကိုပယ်ချလိုက်ခြင်းဖြစ်သည်။ အမေရိကန်မြေသို့ ရောက်ရှိလာသူမည်သူမဆိုခိုလှုံခွင့် လျှောက်ထားနိုင်သည့် အခွင့်အရေးရှိကြောင်း ဗဟိုတရားရုံးချုပ်ကဆုံးဖြတ်ချက် ချမှတ်ပေးခဲ့သည်။
သမ္မတထရမ့်၏ အစီအစဉ်ကိုပယ်ချခြင်းနှင့် ပတ်သက်ပြီးတရားရုံးချုပ်က မှတ်ချက်ထုတ်ပြန်ခြင်းမရှိဘဲ အောက်ရုံးကသမ္မတထရမ့်၏ အစီအစဉ်ကိုတားမြစ်ခြင်းကို ဗဟိုတရားရုံးချုပ်ကလည်း သဘောတူအတည်ပြုကြောင်းသာထုတ်ပြန်ခဲ့သည်။
တရားဝင် သတ်မှတ်ထားသောဝင်ပေါက်များမှ ဝင်ရောက်လာသူများ၏ ခိုလှုံခွင့် တောင်းခံလွှာများကိုသာ လက်ခံစဉ်းစားပေးမည်ဟု သမ္မတထရမ့် အစိုးရက နိုဝင်ဘာ ၉ တွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းကို အောက်တရားရုံးက ကန့်ကွက်ပယ်ချခဲ့သလို၊ ယခုအခါ ဗဟိုတရားရုံးချုပ်ကလည်း ဆက်လက်ပယ်ချခဲ့ခြင်းဖြစ်သည်။
သမ္မတထရမ့်၏ အစီအစဉ်သည်နယ်စပ်လုံခြုံရေး ရှေးရှုဆောင်ရွက်ခြင်းဖြစ်သောကြောင့် ထောက်ခံချက်ပေးစေလိုကြောင်းဖြင့် အစိုးရရှေ့နေနီးလ် ဖရန်စစ္စကိုကပြောသည်။ အမေရိကန်နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသူပင်ဖြစ်စေခိုလှုံခွင့် လျှောက်ထားပိုင်ခွင့်ရှိကြောင်းနှင့် ထိုသူသည် ခိုလှုံခွင့် မရနိုင်သူမျိုးဆိုလျှင်ပင် ၎င်း၏ လျှောက်လွှာကိုလက်ခံစဉ်းစားနေသည့် ကာလအတွင်းအမေရိကန်မြေတွင် နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ဗဟိုတရားရုံးချုပ်ကဆုံးဖြတ်ခဲ့သည်။

















