ယီမင်နိုင်ငံရှိအဓိကဆိပ်ကမ်းမြို့ ဟူဒေဒါတွင် အစိုးရနှင့် ဟူသီသူပုန်များကြားအပစ်အခတ် ရပ်စဲရေးကိုစောင့်ကြည့်မည့်အဖွဲ့ စေလွှတ်ရေးကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောတူညီလိုက်ပြီဖြစ်ကြောင်း သိရသည်။
ယီမင် အစိုးရနှင့် ဟူသီသူပုန် ကိုယ်စားလှယ်အဖွဲ့များအပစ်အခတ် ရပ်စဲရန် ပြီးခဲ့သည့် သီတင်းပတ်ကဆွီဒင်၌ တွေ့ဆုံသဘောတူခဲ့ကြခြင်းဖြစ်သည်။
ယီမင် အပစ်အခတ် ရပ်စဲရေးကုလသမဂ္ဂ သဘောတူညီချက်မူကြမ်းကို ဗြိတိန်ကရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ အပစ်အခတ် ရပ်စဲရေးကိုရက် ၃၀ စောင့်ကြည့်ရန် ကုလသမဂ္ဂ မစ်ရှင်အဖွဲ့ စေလွှတ်မည်ဖြစ်ပြီး၊ ထိုအဖွဲ့သည် အပစ်အခတ် ရပ်စဲရေးလက်တွေ့တည်မြဲစေရန်လည်း အားဖြည့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ဟူဒေဒါ ဆိပ်ကမ်းမြို့သည် ယီမင်တွင် စတုတ္ထအကြီးဆုံးမြို့ဖြစ်သလို၊ အဓိကစီးပွားမြို့တော်လည်း ဖြစ်သည်။ မြို့တော် ဆာနာမှ အနောက်ဘက် မိုင် ၉၀ တွင် တည်ရှိပြီး ၂၀၁၄ ခုနှစ်ကစတင်ကာ ဟူသီသူပုန်များက သိမ်းပိုက်ထားခဲ့သည်။
ဟူဒေဒါ ဆိပ်ကမ်းမြို့သည် ယီမင်ပြည်သူသုံးပုံနှစ်ပုံအတွက် စားနပ်ရိက္ခာ၊ လောင်စာ၊ ဆေးဝါးစသည့် သွင်းကုန်ပစ္စည်းများရရှိရာ အသက်သွေးကြောလည်းဖြစ်သည်။
ယခုနှစ် ဇွန်လကစတင်ကာ ဆော်ဒီဦးဆောင်သော မဟာမိတ်လေကြောင်းများက ဟူဒေဒါကိုထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ အစိုးရတပ်များကလည်း မြို့ကို ပြန်သိမ်းရန် ကြိုးပမ်းလျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
ပြည်တွင်းစစ်ကြောင့် ယီမင်ပြည်သူ ၂၂ သန်းသည် လူသားချင်းစာနာမှု အကူအညီများအပေါ် အားကိုးနေရသလို၊ ပြည်သူရှစ်သန်းခန့်သည်လည်းနေ့စဉ် စားသောက်ရေးအတွက်ကိုပင် စိုးရိမ်ပူပန်ရသည့် အခြေအနေသို့ ရောက်ရှိနေသည်။

















