အိန္ဒိယ၌ အာဏာရပါတီကိုဝေဖန်မှုဖြင့် သတင်းသမားတစ်ဦး ထောင်တစ်နှစ်ကျ

အိန္ဒိယ၌ အာဏာရပါတီကိုဝေဖန်မှုဖြင့် သတင်းသမားတစ်ဦး ထောင်တစ်နှစ်ကျ

အိန္ဒိယရှိ အာဏာရ ဗရာတီယဇာနတပါတီ( ဘီဂျေပီ) နှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်တွင် ဗီဒီယိုနှင့် မှတ်ချက်လေးခုကို တင်ခဲ့မှုဖြင့် ကေဘယ်သတင်းကွန်ရက်တစ်ခုတွင် လုပ်ကိုင်နေသည့် သတင်းသမား ကီရှိုးရီချန်ဒရာ ဝမ်ခမ်သည် ထောင်ဒဏ်တစ်နှစ်ကျခံနေရပြီဖြစ်သည်။

နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်ခြောက်ဦးခန့်သည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရရှိ ဝမ်ခမ်၏နေအိမ်သို့ရောက်ရှိလာပြီး မေးမြန်းစရာရှိသောကြောင့် ရဲတပ်ဖွဲ့စခန်းသို့ အသာတကြည်လိုက်ပါရန် တောင်းဆိုခဲ့သည်။

ဝမ်ခမ်က ရှေ့နေကိုခေါ်ယူမည်ဖြစ်ကြောင်းပြောဆိုခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ငြင်းဆိုခဲ့သည်။

မဏိပူရရဲတပ်ဖွဲ့သည် ဝမ်ခမ်အား ပြည်နယ်မြို့တော် အင်ဖယ်ရှိ လုံခြုံရေးအဆင့်မြင့်အကျဉ်းထောင်တစ်ခုသို့ ဝမ်ခမ်ကို ပို့ဆောင်ခဲ့သည်။ နိုဝင်ဘာ ၂၈ ရက်ထုတ် သတင်းစာများကို ဖတ်လိုက်ရမှသာ ခင်ပွန်းဖြစ်သူကို မည်သည့်အမှုဖြင့် ဖမ်းဆီးသည်ကို သိရှိခဲ့ရကြောင်း ဝမ်ခမ်၏ဇနီး ရာနဇိတ အဲလန်ဘမ်ကပြောဆိုခဲ့သည်။

ဟိန္ဒူအမျိုးသားရေးဝါဒီ ဗရာတီယဇာနပါတီ( ဘီဂျေပီ)ဦးဆောင်သော ဒေသဆိုင်ရာအစိုးရကိုဝေဖန်သည့် ဗီဒီယိုဖိုင်များနှင့် မှတ်ချက်များကို  ဝမ်ခမ်သည် နိုဝင်ဘာ ၁၉ ရက်တွင် ဖေ့စ်ဘွတ်ခ်တွင်တင်ခဲ့သည်။ မဏိပူရဝန်ကြီးချုပ်သည် ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏အစိုးရ၏ ရုပ်သေးရုပ်သာဖြစ်ကြောင်း ဝမ်ခမ်က ဖေ့စ်ဘွတ်ခ်တွင်ရေးသားခဲ့သည်။

ဖေ့စ်ဘွတ်ခ်တွင်ဖော်ပြထားသည့် ဗီဒီယိုများသည် အမုန်းတရားပွားများအောင် လှုံ့ဆော်ပြီး အစိုးရအပေါ် မကျေနပ်ချက်များပွင့်ထွက်လာအောင် လှုံ့ဆော်မှုများသာဖြစ်ကြောင်း ရဲမှူး ကေ ဘော့ဘီက မှတ်တမ်းတွင်ရေးသားခဲ့သည်။ ဝမ်ခမ်သည် ဘီဂျေပီအား အရူးများပါတီအဖြစ် ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည့်အတွက် သြဂုတ်တွင် အဖမ်းခံခဲ့ရပြီး ရဲအချုပ်ဖြင့် လေးရက်နေထိုင်ခဲ့ရပြီးဖြစ်သည်။

ထို့ပြင် နိုဝင်ဘာ ၂၀ ရက်တွင်လည်း ဝမ်ခမ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ရဲအချုပ်ဖြင့် ခြောက်ရက်နေထိုင်ခဲ့ရပြီး ရုံးတင်စစ်ဆေးခဲ့ရာ တရားသူကြီးက ဝမ်ခမ်၏ဖေ့စ်ဘွတ်ခ်ရေးသားမှုများသည် အစိုးရဝန်ထမ်းတစ်ဦးတစ်ယောက်ကို ပြည်သူတစ်ဦးဦးက သာမန်ဝေဖန်ပြောဆိုခြင်းဖြစ်ပြီး ပုန်ကန်သည့် သဘောမသက်ရောက်ကြောင်း ပြောဆိုကာ ၎င်းအား ပြန်လွှတ်ပေးခဲ့သည်။

တရားရုံး၏ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် ရဲတပ်ဖွဲ့သည် နောက်တစ်နေ့တွင် ချုပ်နှောင်ခွင့်ဆိုင်ရာအမိန့်ကိုထုတ်ပြန်ပြီး ဝမ်ခမ်ကိုဖမ်းဆီးခဲ့သည်။

ယင်းအကြိမ်တွင် ရဲတပ်ဖွဲ့သည် သက်တမ်း ၃၈ နှစ်ရှိပြီဖြစ်သည့် အမျိုးသားလုံခြုံရေးအက်ဥပဒေကို အသုံးချခဲ့သည်။ အိန္ဒိယအစိုးရအဆက်ဆက်သည် အတိုက်အခံများနှင့် လှုပ်ရှားသူများကို ဖိနှိပ်ရန် ယင်းဥပဒေကို အသုံးချခဲ့ပြီးဖြစ်သည်။

ဥပဒေအရ အများပြည်သူနှင့် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ယူဆခံရပါက လူတစ်ဦးတစ်ယောက်ကို ရုံးတင်စစ်ဆေးခြင်းမပြုဘဲ တစ်နှစ်အထိ ချုပ်နှောင်ခွင့်ရှိနေသည်။