ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အတွင်း ဒီဇင်ဘာလလယ်ခန့်က စစ်တောင်းမြစ်ကမ်းနံဘေး နေရာအချို့တွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားနေသောကြောင့် ရေထိန်းနံရံများတည်ဆောက်ပေးရန် အမြန်ဆုံး လိုအပ် လျက်ရှိကြောင်း ဒေသခံပြည်သူများက ဒီဇင်ဘာ ၂၂ ရက် က ပြောဆိုခဲ့ကြသည်။
မကြာခဏဖြစ်ပွား
အဆိုပါကမ်းပါးပြိုသောမြေနေရာသည် ဒေသခံများ အခေါ်အရ ဒုံမြေဖြစ်သောကြောင့် မိုးတွင်းကာလတွင် မြေပြိုခြင်းမဖြစ်ပွားသော်လည်း မိုးအကုန်ဆောင်းရာသီ တွင် မြေပွပြီး မကြာခဏမြေပြိုမှုများဖြစ်ပွားကြောင်း သိရ သည်။
"အခုကမ်းပြိုတဲ့ရွာက ဝါးတီး၊ ချောင်းနာ၊ ဘုန်မွှေးပင် စတဲ့ကျေးရွာတွေရဲ့ ကမ်းပါးတွေ ပြိုတာ၊ စစ်တောင်း မြစ် ကြောင်းက အမြဲပြောင်းနေတယ်။ အများဆုံးက ကျွန်တော်တို့ အနောက် ဘက်ကမ်းပါ။ အနောက်ဘက်က ကမ်းပြိုလို့ အရှေ့ဘက်မှာ သောင်ထွန်းပြီး မြစ်ကြောင်း ပြောင်းရွှေ့ သွားတယ်။ မြေပြိုတာက မိုးကုန်ရင် ပြိုတာများတယ်။ အရင်တုန်းကတော့ ဝါးတွေ၊ သစ်တွေနဲ့တုတ်ရိုက်ပြီး ရေကာနံရံလုပ်ထား ဖူးပါတယ်။ သုံးလေးနှစ်လောက်တော့ ခံပါတယ်။ မြစ်ချောင်းထိန်းသိမ်းရေးဌာနအနေနဲ့ အမာခံ ကျောက်စီရေထိန်းနံရံလုပ်ပေးရင်တော့ ပိုကောင်းပါတယ်။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ရေထိန်းနံရံဆောက်လုပ် ပေးဖို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ သက်ဆိုင်ရာ အမတ် တွေကတစ်ဆင့် တင်ပြဖို့ တောင်းဆိုထားပါတယ်" ဟု ဝါးတီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်သောင်းက ပြောဆိုသည်။
မြစ်ကြောင်းထိန်းသိမ်းသင့်
စစ်တောင်းမြစ်ကမ်းပါးများသည် မြစ်ကြောင်းပြောင်း ပြီး မြေပြိုမှုများ မကြာခဏဖြစ် ပွားသောကြောင့် စနစ် တကျရေထိန်းနံရံများ ပြုလုပ်၍ မြစ်ကြောင်းဖြောင့် သောင် တူးပြီး မြစ်ကြောင်းထိန်းသိမ်းသင့်ကြောင်း၊ မထိန်းသိမ်း လျှင် မြေပြိုပြီး မိုးတွင်းအခါ ရေကြီးမှု များဖြစ်နိုင်ကြောင်း တောင်ငူမြို့ခံ အင်ဂျင်နီယာတစ်ဦးက သုံးသပ်ပြောဆိုသည်။
"ကမ်းပြိုတဲ့နေရာတွေကို ကျွန်တော်တို့ ကွင်းဆင်းပြီး သွားပြီ။ ဒေသခံတွေက ရေထိန်းနံရံလုပ်ပေးဖို့ တင်ပြပါ တယ်။ ကျွန်တော်တို့ အနေနဲ့က လက်ရှိလုပ်နေတာထက် ပိုကောင်းတဲ့ အစီအစဉ်တွေလုပ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်း တွေနဲ့ ညှိနှိုင်းလျက်ရှိပါတယ်"ဟု အုတ်တွင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောဆိုသည်။
ပြိုကျလျက်ရှိ
ယင်းနေရာကို လွှတ်တော်ကိုယ်စားလှယ်များ လာရောက် ကြည့်ရှုပြီး နှစ်ရက်ခန့်အကြာတွင် ကမ်းပါးများ ပို၍ပြိုကျ ခဲ့ကြောင်းနှင့် လက်ရှိအခြေအနေ၌ စစ်တောင်းမြစ်ကမ်း နံဘေး နှစ်မိုင်ခန့် အလျားလိုက် ပြိုကျလျက်ရှိကြောင်း သိရသည်။
















