ငြိမ်းချမ်းရေးရယူထားသည့် နယ်မြေများ၌ မိုင်းရှင်းလင်းရေးဆောင်ရွက်ပေးရန် လိုအပ်

ငြိမ်းချမ်းရေးရယူထားသည့် နယ်မြေများ၌ မိုင်းရှင်းလင်းရေးဆောင်ရွက်ပေးရန် လိုအပ်

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးရယူ ထားသည့်နယ်မြေများတွင်  မိုင်းရှင်းလင်းရေး ဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း မြေမြှုပ် မိုင်းစောင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင်Mr.Yeshua Moser Puangsuwan က ပြောဆိုခဲ့သည်။

ဒဏ်ရာရသေဆုံးမှု

မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ မေလအထိ မြေမြှုပ်မိုင်းကြောင့် အရပ်သား ပြည်သူ ၃၉ ဦး ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ရှိခဲ့ကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာ ရေးအဖွဲ့အစီရင်ခံစာ၌ ဖော်ပြထားသည်။

"မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအသုံးပြုမှုက ဒီနှစ်ထဲအထိ ဆက်လက်ရှိနေပါတယ်။ အများ ဆုံး ထိခိုက်မှုရှိနေတာက အရပ်သားတွေပဲဖြစ် ပါတယ်။ မြေမြှုပ်မိုင်းနဲ့ဗုံးဒဏ်ကြောင့် နေအိမ် ကနေ ထွက်ပြေးနေရတဲ့ အရပ်သားပြည်သူ တွေကို ထိခိုက်သေကျေစေတဲ့ တရားမဝင် လက်နက်အသုံးပြုခြင်းကို ဘာကြောင့် သုံးနေ ရပါတယ်ဆိုတဲ့ အကြောင်းပြချက်ပေးနေတာ မျိုးတွေမဖြစ်သင့်တော့ပါဘူး။ လူသတ်မြေမြှုပ် မိုင်းတွေအသုံးပြုနေခြင်းကို  ကျွန်တော်တို့ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့က အပြင်းအထန်ရှုတ်ချပါတယ်"ဟု မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် Mr.Yeshua Moser Puangsuwan က ပြောဆိုသည်။

တာဝန်ယူဆောင်ရွက်သင့်

အင်န်စီအေလက်မှတ်ရေးထိုးနိုင်မှ မိုင်း ရှင်းလင်းခြင်းထက် လက်ရှိကာလတွင် တိုက် ပွဲများမရှိတော့သည့်နယ်မြေများ၊ ငြိမ်းချမ်းရေး ရယူထားသည့်နေရာများတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးရန် အစိုးရက တာဝန်ယူဆောင် ရွက်သင့်ကြောင်းလည်းMr.Yeshua Moser Puangsuwan က သုံးသပ်ပြောဆိုသည်။

သံသယဖြစ်ဖွယ်

မိုင်းအန္တရာယ်ရှိသည့် သံသယဖြစ်ဖွယ် နေရာများအဖြစ် ကယားပြည်နယ်ရှိ ခုနစ်မြို့နယ် စလုံးနှင့် ကချင်ပြည်နယ်ရှိ ဗန်းမော်၊ ချီဖွေ၊ ဖားကန့်၊ မန်စီ၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမောက်၊ မြစ်ကြီးနား၊ ရွှေကူ၊ ဆင်ဘို၊ တနိုင်းနှင့် ဝိုင်း မော်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်းတော်၊ ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်နှင့်မောင်တော၊ ပဲခူးတိုင်းဒေသကြီးတွင် ကျောက်ကြီး၊ ရွှေကျင်၊ သနပ်ပင်နှင့် တောင်ငူ၊ ရှမ်းပြည်နယ်တွင် ဟိုပုံး၊ ဆီဆိုင်၊ သီပေါ၊ ကွတ်ခိုင်နှင့်  ကျောက်မဲ မြို့နယ်များနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ဘုတ်ပြင်း၊ ထားဝယ်၊ မြိတ်၊ တနင်္သာရီနှင့် ရေဖြူမြို့တို့ပါဝင်ကြောင်း ယင်းအဖွဲ့ ကောက်ယူ ထားသည့်စစ်တမ်းအရ သိရသည်။

ထိခိုက်ဒဏ်ရာရ

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း မိုင်းနှင့် စစ်အတွင်းကြွင်းကျန်သည့် ပေါက်ကွဲ စေတတ်သောပစ္စည်းများကြောင့်  ထိခိုက် ဒဏ်ရာရသူ ၂၀၂ ဦးရှိခဲ့ကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအစီရင်ခံစာ၌ ဖော်ပြ ပါရှိသည်။

ထိခိုက်ဒဏ်ရာရသူအများဆုံးမှာ အရပ် သားများဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ကချင် ပြည်နယ်တွင် ၅၄ ဦး၊ ရခိုင်ပြည်နယ်တွင် ၃၇ ဦး နှင့် ရှမ်းပြည်နယ်တွင် ၆၇ ဦးရှိကြောင်း၊  ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့တွင် မြေမြှုပ်မိုင်းကြောင့် ကချင်ပြည်နယ်တွင် ၇၄ ဦး၊ ရှမ်းပြည်နယ်တွင် ၁၄ ဦး၊ ချင်းပြည်နယ်တွင် ၁၁ ဦး၊ ကယားပြည် နယ်နှင့်ရခိုင်ပြည်နယ်တွင် တစ်ဦးစီ အသက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး