ဆီးရီးယားမှ အမေရိကန်တပ်အားလုံးရုပ်မှုဆန့်ကျင်သည့်အနေဖြင့် အိုင်အက်စ်တိုက်ခိုက်ရေး အမေရိကန်အထူးကိုယ်စားလှယ်နုတ်ထွက်

ဆီးရီးယားမှ အမေရိကန်တပ်အားလုံးရုပ်မှုဆန့်ကျင်သည့်အနေဖြင့် အိုင်အက်စ်တိုက်ခိုက်ရေး အမေရိကန်အထူးကိုယ်စားလှယ်နုတ်ထွက်

ဆီးရီးယားမှ အမေရိကန်တပ်များအားလုံး ရုပ်သိမ်းရေးကို သဘောမတူသောကြောင့် အိုင်အက်စ်တိုက်ခိုက်ရေး ကမ္ဘာလုံးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဘရက်မက်ဂတ်လည်း ဒီဇင်ဘာ ၂၂ ရက်က နုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။

ထရမ့်အစိုးရအဖွဲ့မှ လာမည့်ဖေဖော်ဝါရီလတွင် နုတ်ထွက်တော့မည်ဖြစ်ကြောင်း မက်ဂတ်က မိတ်ဆွေနှစ်ဦးကို ပြောဆိုခဲ့ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။ စီအင်န်အင်န်သတင်းတွင်မူ မက်ဂတ်သည် ၄င်းနုတ်ထွက်တော့မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုထံ တင်ပြထားပြီး နုတ်ထွက်မှုသည် ဒီဇင်ဘာ ၃၁ ရက်၌ သက်ရောက်မည်ဟုဆိုသည်။

ဆီးရီးယားမှ တပ်ရုပ်သိမ်းမှုအရေးအပါအဝင် သမ္မတထရမ့်နှင့် သဘောကွဲလွဲမှုများကြောင့် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်လည်း နှုတ်ထွက်ခဲ့ပြီးနောက် မက်ဂတ် နုတ်ထွက်မည့်သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

စစ်ဘက်ထိပ်သီးများနှင့် အမျိုးသားလုံခြုံရေးအကြံပေးများ၏ အကြံဉာဏ်နှင့်ဆန့်ကျင်လျက် ဆီးရီးယားတွင် အိုင်အက်စ်များ ပြိုကွဲသွားပြီးဖြစ်၍ ယင်းနိုင်ငံမှ အမေရိကန်တပ်အားလုံး အလျင်အမြန်ရုပ်သိမ်း မည်ဖြစ်ကြောင်း သမ္မတထရမ့်က ဒီဇင်ဘာ ၁၉ ရက်၌ ကြေညာခဲ့သည်။ ထရမ့်က ၄င်းဆုံးဖြတ်ချက်ကို တွစ်တာတွင်ဖော်ပြခဲ့ပြီးနောက် မက်ဂတ်သည် အီရတ်တွင် ထိပ်တန်းအရာရှိများနှင့် ဆွေးနွေးခဲ့သည်။

ထရမ့်၏ အလျင်စလိုဆုံးဖြတ်ချက်ကြောင့် မချင့်မရဲဖြစ်ခဲ့ရသူများတွင် မက်ဂတ်လည်း ပါဝင်ခဲ့ပြီး နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ အမေရိကန်၏မဟာမိတ်များသည် ဆီးရီးယားတွင် အမေရိကန်တပ်များချထားခြင်းဖြင့် အိုင်အက်စ်တို့ကို တိုက်ခိုက်မှုအပေါ် ယုံကြည်မှုမြင့်မားစေကြောင်း၊ တပ်များအကုန်အစင် အလျင်အမြန်ရုပ်သိမ်းခြင်းဖြင့် ဆီးရီးယားတွင် အခြေအနေဆိုးရွားမည်ကို စိုးရိမ်ကြောင်း မက်ဂတ်ယုံကြည်သည်ဟု ၄င်း၏မိတ်ဆွေများက စီအင်န်အင်န်သို့ ပြောဆိုခဲ့သည်။

အထူးသဖြင့် ဆီးရီးယားတွင် အိုင်အက်စ်များကို တိုက်ခိုက်နေသည့် ကာ့ဒ်တို့ကို စွန့်ခွာရာရောက်မည်ကို မက်ဂတ် စိုးရိမ်ကြောင်းလည်း သတင်းတွင်ဖော်ပြခဲ့သည်။