အာဖရိကမှ ရွှေ့ပြောင်းဒုက္ခသည် ၃၁၁ ဦး သယ်ဆောင်လာသည့် အကူအညီပေးရေးသင်္ဘောတစ်စီးကို အီတလီက ဝင်ခွင့်ပြုရန် လျစ်လျူရှုခဲ့ပြီးနောက် သင်္ဘောသည် စပိန်သို့ ဦးတည်နေပြီဖြစ်သည်။
စပိန်အကူအညီပေးရေးအုပ်စု ပရိုအက်တီဗာအိုးပန်းအမ်းစ်သည် လစ်ဗျားအနီးပင်လယ်ပြင်မှ ဒုက္ခသည် ၃၁၃ ဦးကို ဒီဇင်ဘာ ၂၂ ရက်က ကယ်ဆယ်ခဲ့သည်။
ယင်းအနက် ကလေးတစ်ဦးနှင့် ၄င်း၏မိခင်တို့သည် သင်္ဘောမှ ထွက်ခွာသွားခဲ့ကြသည်။ ကျန်ရစ်သော ဒုက္ခသည် ၃၁၁ ဦးကို လက်ခံရန် အီတလီနှင့် အခြားမြေထဲပင်လယ် နိုင်ငံများက ငြင်းဆန်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၃ ရက်က စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက စပိန်သို့လာရောက်ရန်လမ်းကြောင်း သတ်မှတ်ခွင့်ပြုခဲ့သည်။
အီတလီ၊ ပြင်သစ်၊ တူနီးရှားနှင့်လစ်ဗျားတို့က ဒုက္ခသည်သင်္ဘောဆိုက်ကပ်ခွင့်ပြုရန် တောင်းဆိုချက်ကို အဖြေမပေးခဲ့ဘဲ မော်လ်တာက လုံးဝငြင်းဆန်ခဲ့ကြောင်း စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ ဒုက္ခသည် သင်္ဘောသည် စပိန်ဆိပ်ကမ်း အယ်လ်စီချီရာ့စ်သို့ ဆိုက်ကပ်ခွင့်ရထားကြောင်း အကူအညီပေးရေးအုပ်စုက ပြောဆိုခဲ့သည်။ ခရီးလမ်းပန်းသည် ခက်ခဲကြမ်းတမ်းသော်လည်း ဘေးကင်းရာဆိပ်ကမ်းတစ်ခု ရရှိထားပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ဇွန်လက အီတလီနှင့် မော်လ်တာတို့သည် အခြားအကူအညီပေးရေးအုပ်စုတစ်ခုနှင့် လိုက်ပါလာသည် ဒုက္ခသည် ၆၀ဝ ကျော်ကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ ယင်းဒုက္ခသည်များသည် ပင်လယ်ထဲတွင် သင်္ဘောနှင့် ရက်သတ္တပတ်တစ်ပတ်ကြာ နေခဲ့ရပြီးနောက် စပိန်က ဝင်ရောက်ဆိုက်ကပ်ခွင့်ပြုခဲ့သည်။
စပိန်၏ ဗဟိုလက်ဝဲဝါဒီ အစိုးရသစ်သည် လူသားဆန်သောမူဝါဒကိုကျင့်သုံးလျက် ရွှေ့ပြောင်းဒုက္ခသည်များကို ဝင်ရောက်ခွင့်ပြုခြင်းဖြင့် အီတလီမှ သဘောထားတင်းမာသည့် အများကြိုက်ဝါဒီခေါင်းဆောင်များနှင့် ကွဲပြားခြားနားမှုကို ဖော်ပြခဲ့သည်။
ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီအဆိုအရ ယခုနှစ်အတွင်း မြေထဲပင်လယ်ကိုဖြတ်သန်းရင်း ရွှေ့ပြောင်း ၂၀ဝ၀ ကျော် သေဆုံးခဲ့ကြသည်။
ပင်လယ်ပြင်ထွက်ရန် မသင့်တော်သည့် လှေသင်္ဘောများနှင့် ထွက်ခွာလာသည့် ဒုက္ခသည်စုစုပေါင်း ၁၁၇၅၄၀ သည် ဥရောပသို့ ရောက်ရှိခဲ့ကြကြောင်းလည်း သိရသည်။

















