အမေရိကန်အစိုးရအသုံးစရိတ်ဆိုင်ရာဥပဒေကြမ်းတွင် သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နှင့် မက္ကဆီကိုနယ်စပ်တစ်လျှောက် တံတိုင်းဆောက်လုပ်ရေးအတွက် ဒေါ်လာ ငါးဘီလီယံထုတ်ပေးရန် တောင်းဆိုထားမှုနှင့်ပတ်သက်၍ ဒီမိုကရက်နှင့် ရီပတ်ဘလီကန်အမတ်များကြား သဘောတူညီမှုမရနိုင်သေးဖြင့် အစိုးရလည်ပတ်မှုသည် ခရစ္စမတ်ကာလကိုပင် ကျော်လွန်သွားဖွယ်ရှိနေသည်။
ဥပဒေကြမ်းကို အတည်ပြုရန် ကျန်ရှိသေးသည့် အထက်လွှတ်တော်သည် ဒီဇင်ဘာ ၂၇ ရက်မှသာ အစည်းအဝေးများကို ပြန်လည်ကျင်းပမည်ဖြစ်သည်။
သဘောတူညီမှုမရနိုင်သေးသဖြင့် ထရမ့်သည် ဖလော်ရီဒါသို့ အားလပ်ရက်အပန်းဖြေခရီးထွက်ရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။ ထရမ့်၏ တံတိုင်းဆောက်လုပ်ရန် ငွေတောင်းခံမှုကို ဒီမိုကရက်များက လက်မခံသောကြောင့် အစိုးရလည်ပတ်မှုသည် ဒီဇင်ဘာ ၂၁ ရက်သန်းခေါင်ယံမှစ၍ တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းခဲ့သည်။
ထရမ့်က ဆွေးနွေးမှုများ ကြာရှည်ဦးမည်ဖြစ်ပြီး ဒီမိုကရက်များကလည်း တံတိုင်းအစီအစဉ်ကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၂၀ ရက်တွင် အောက်လွှတ်တော်က အတည်ပြုပေးခဲ့သည့် တံတိုင်းအတွက် ရန်ပုံငွေ ဒေါ်လာ ငါးဘီလီယံထုတ်ပေးမည့် အချက်ပါ ဥပဒေကြမ်းကို အထက်လွှတ်တော်က လာမည့်အပတ်၊ လာမည့်နှစ်တွင် အတည်ပြုပေးလိမ့်မည်မဟုတ်သည်မှာ သေချာနေကြောင်း အထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချက်ရှူးမားကပြောဆိုခဲ့သည်။
အထက်လွှတ်တော်သည် မလိုအပ်သလို ထိရောက်မှုလည်းမရှိကာ အနှစ်သာရလည်းမရှိသည့် မူဝါဒအတွက် အခွန်ဆောင်ပြည်သူများ၏ငွေကို သုံးစွဲမည်မဟုတ်ကြောင်း ရှူးမားကပြောဆိုခဲ့သည်။
သဘောတူညီမှုမရနိုင်သောကြောင့် အမေရိကန်ပြည်ထောင်စုဝန်ကြီးဌာနလေးပုံတစ်ပုံသည် ဒီဇင်ဘာ ၂၁ ရက် သန်းခေါင်ယံမှစ၍ လည်ပတ်မှုရပ်ဆိုင်းသွားမည်ဖြစ်သည်။ အမိမြေလုံခြုံရေး၊ ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ နိုင်ငံခြားရေးနှင့် တရားရေးဝန်ကြီးဌာနများသည် လည်ပတ်မှုရပ်ဆိုင်းသွားမည်ဖြစ်ပြီး ပြည်ထောင်စုဥယျာဉ်များနှင့် သစ်တောများကို ခေတ္တပိတ်ထားမည်ဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်း အစိုးရလည်ပတ်မှုတတိယအကြိမ်မြောက်ရပ်ဆိုင်းခြင်းဖြစ်ပြီး အရေးပါသည်ဟု သတ်မှတ်ခံရသည့် အစိုးရဝန်ထမ်း ၄၂၀ဝ၀ဝ ဦးသည် လစာမရရှိဘဲ အလုပ်လုပ်ကိုင်ကြရမည်ဖြစ်သည်။ ဝန်ထမ်း ၃၈၀ဝ၀ဝ လစာမဲ့ခွင့်ယူကြရမည်ဖြစ်သည်။
ဝန်ထမ်းများ မရရှိသည့် လစာများပြန်လည်ရရှိစေရေး လုပ်ဆောင်ပေးမည့် ဥပဒေကြမ်းကို အထက်လွှတ်တော်ကအတည်ပြုပေးခဲ့ပြီးဖြစ်ကာ အောက်လွှတ်တော်ကလည်း အတည်ပြုပေးရန် ပြင်ဆင်နေပြီဖြစ်သည်။
အစိုးရလည်ပတ်မှုတစ်စိတ်တစ်ပိုင်းရပ်ဆိုင်းမှု မြန်မြန်အဆုံးသတ်နိုင်ဖွယ်မရှိကြောင်း ရီပတ်ဘလီကန်အမတ်တစ်ဦးဖြစ်သည့် ရတ်ချတ် ရှယ်ဘီက ပြောဆိုခဲ့သည်။
နိုင်ငံတောင်ပိုင်းတွင် တံတိုင်းဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ထရမ့်က ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံးစဉ် ကတိပြုခဲ့သည်။ ထရမ့်၏အစီအစဉ်အတွက် အမေရိကန်အခွန်ထမ်းပြည်သူများ ပေးဆောင်စရာမလိုကြောင်း ဒီမိုကရက်များကပြောဆိုခဲ့သည်။
အစိုးရအဖွဲ့လည်ပတ်မှုတစ်စိတ်တစ်ပိုင်းရပ်ဆိုင်းခြင်းအတွက် ရီပတ်ဘလီကန်များတွင်တာဝန်မရှိဘဲ ဒီမိုကရက်များကသာ ရပ်ဆိုင်းမှုအတွက် တာဝန်ရှိကြောင်း ထရမ့်ကပြောဆိုထားသည်။

















