ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ဖိလစ်ပိုင်အမတ်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ဖိလစ်ပိုင်အမတ်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ ဒါရာဂါမြို့၌ ဒီဇင်ဘာ ၂၂ ရက်တွင် ခရစ္စမတ်ဆိုင်ရာအခမ်းအနားတစ်ခုအတွင်း သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် လွှတ်တော်အမတ်တစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

လွှတ်တော်အမတ် ရိုဒယ် ဘာတိုကာဘဲသည် ခရစ္စမတ်လက်ဆောင်များပေးဝေပြီးနောက်တွင် လူအုပ်ထဲရှိ သေနတ်သမား၏ပစ်ခတ်ခြင်းကိုခံခဲ့ရသည်။ ပစ်ခတ်မှုကြောင့် ဘာတိုကာဘဲနှင့် လုံခြုံရေးတစ်ဦးတို့သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာရဲအရာရှိ အာနယ် အက်စ်ကိုဘယ်ကပြောဆိုခဲ့သည်။

ပစ်ခတ်ရသည့်အကြောင်းအရင်းကိုမသိရှိရသေးသော်လည်း နိုင်ငံရေးအရ လုပ်ကြံမှုဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။

၂၀၁၉ ခုနှစ် မေတွင် ကျင်းပမည့် သက်တမ်းဝက်ရွေးကောက်ပွဲများတွင် ဘာတိုကာဘဲသည် ဒါရာဂါမြို့တော်ဝန်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းလမှာပင် ဒေသဆိုင်ရာနှင့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများကိုလည်း ကျင်းပမည်ဖြစ်သည်။

ခရစ္စမတ်သည် ကလေးများအတွက်သာမက လူကြီးများအတွက်လည်းဖြစ်ပြီး ထာဝရဘုရားသခင်ပေးထားသည့် ကောင်းချီးများကို လူကြီးများနှင့်လည်း ဝေမျှရမည်ဖြစ်ကြောင်း ဘာတိုကာဘဲ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ နောက်ဆုံးတင်ခဲ့သည့် ပို့စ်တွင်ဖော်ပြထားသည်။

စုစုပေါင်းလူဦးရေ၏လေးပုံတစ်ပုံသည် တစ်ရက်လျှင် နှစ်ဒေါ်လာအောက်ဖြင့်သာ စားသောက်နေထိုင်နေရသည့် ဖိလစ်ပိုင်၌ နိုင်ငံရေးသမားများသည် သြဇာအာဏာရရှိရေးအတွက် အင်အားနှင့်ခြိမ်းခြောက်မှုများကိုသုံးကာ လုပ်ဆောင်လေ့ရှိရာ ရွေးကောက်ပွဲနည်းကပ်လာသည်နှင့်အမျှ နိုင်ငံရေးအရ အကြမ်းဖက်မှုများလည်းရှိလာခဲ့သည်။

မြို့တော်ဝင်ရွေးကောက်ပွဲတွင် ပြိုင်ဘက်များသည် မဲပိုမိုရရှိစေရန် လက်နက်ကိုင်အဖွဲ့များ၏သြဇာကိုအသုံးချနေကြောင်း အောက်လွှတ်တော်အမတ်အဖြစ် ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ဘာတိုကာဘဲကပြောဆိုခဲ့ဖူးသည်ဟု အရာရှိ အက်စ်ကိုဘယ်ကပြောဆိုခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဖိလစ်ပိုင်လွှတ်တော်အမတ်များသည် ပြိုင်ဘက်များ၏သတ်ဖြတ်ခြင်းကိုခံခဲ့ရကြောင်း သံသယရှိမှုများရှိနေသည်။

၂၀ဝ၇ ခုနှစ် နိုဝင်ဘာတွင် အောက်လွှတ်တော်အဆောက်အအုံရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် လွှတ်တော်အမတ် ဝါဟတ် အက္ကဘာနှင့် လက်ထောက်နှစ်ဦးသေဆုံးခဲ့သည်။

၂၀ဝ၆ ခုနှစ်တွင်လည်း လွှတ်တော်အမတ် လူဝီ ဘာစ်ဆာမင်သည် မနီလာရှိ ဘုရားကျောင်းအပြင်ဘက်တွင် ပစ်သတ်ခြင်းခံခဲ့ရသည်။