နီကာရာဂွာနိုင်ငံတွင် သမ္မတအော်တေဂါကို ဝေဖန်ပြစ်တင်သည့် အဓိကရုပ်မြင်သံကြားသတင်းဌာနတစ်ခုဖြစ်သည့် ၁၀ဝ ရာခိုင်နှုန်း နိုတီစီယာ့စ် ရုပ်သံဌာနကို ရဲများက ဝင်ရောက်စီးနင်းပြီး ဒါရိုက်တာဖြစ်သူကို ဖမ်းဆီးခဲ့သည်။
ဒီဇင်ဘာ ၂၁ ရက်နှောင်းပိုင်းက ဖြစ်ပေါ်ခဲ့သည့် ယင်းလုပ်ရက်သည် ဝေဖန်မှုများကို တုံ့ပြန်သည့် နီကာရာဂွာ သမ္မတ ဒဲနီယယ်အော်တေဂါ၏ အာဏာရှင်အစိုးရ၏ ဖိနှိပ်သည့်လုပ်ရပ်များ တိုးမြှင့်လာနေမှု သတင်းများအနက် နောက်ဆုံးတစ်ခုဖြစ်သည်။
၁၀ဝ ရာခိုင်နှုန်း နိုတီစီယာ့စ်သည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ချိန်မှအစပြု၍ နိုင်ငံ၏ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကို ခြုံငုံမိအောင် ဖော်ပြသည့် တစ်ခုတည်းသော လွတ်လပ်သည့် ၂၄ နာရီရုပ်သံဌာန ဖြစ်သည်။
သမ္မတအော်တေဂါဖြုတ်ချရေးဆန့်ကျင်ဆန္ဒပြသူများကို ရှာဖွေချေမှုန်းရန် အစိုးရက လပေါင်းများစွာ ကြိုးပမ်းဖော်ထုတ်ခဲ့သည်။ ထိန်းသိမ်းခံ နိုတီစီယာ့စ်ဒါရိုက်တာ မီဂွယ်မိုရာက အော်တေဂါအစိုးရသည် ၄င်းကို လွန်ခဲ့သည့်သုံးပတ်ကပင် ခြိမ်းခြောက်ခဲ့ကြောင်း ပြောဆိုထားသည်။
အစိုးရသည် ၄င်းအပေါ် ဘာမဆိုလုပ်နိုင်ကြောင်း၊ ထောင်ချခြင်း ပြန်ပေးဆွဲခြင်း ဖြစ်နိုင်ကြောင်း မည်သို့ဖြစ်စေ ၄င်းသည်ရင်ဆိုင်သွားမည်သာဖြစ်ကြောင်းလည်း ဒီဇင်ဘာ ၂၀ ရက်က ပြောဆိုခဲ့သည်။
မိုရာသည် အမုန်းတရားများ သွေးထိုးလှုံ့ဆော်မှုအပါအဝင် အခြားရာဇဝတ်မကင်းသည်ပြစ်မှုများ ကျူးလွန်ကြောင်း နိုင်ကာရာဂွာအစိုးရရှေ့နေများက စွပ်စွဲခဲ့ပြီး အစိုးရပြောခွင့်ရှိသူကမူ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
၁၀ဝ ရာခိုင်နှုန်း နိုတီစီယာ့စ်၏ ထုတ်လွှင့်မှုများရပ်ဆိုင်းရန် ကြိုးသွယ်ရုပ်သံဌာနများနှင့် ဂြိုဟ်တုရုပ်သံလိုင်းစီမံသူများကို အစိုးရက ညွန်ကြားခဲ့သည်။
လွန်ခဲ့သည့်အပတ်ကလည်း ရဲများသည် ယခင်သမ္မတဟောင်း ဝိုင်အိုလက်တာ ချာမော်ရို၏သား ကာလို့စ် ဖာနန်ဒို ချာမော်ရို၏ရုံးကို ဝင်ရောက်စီးနင်းခဲ့သည်။
၄င်းသည် ဒီဂျစ်တယ်သတင်းစာတစ်စောင်နှင့် ရုပ်သံအစီအစဉ်အချို့ ဖန်တီးနေသူဖြစ်သည်။ အော်တေဂါအစိုးရသည် သတင်းဌာနများကိုသာမက လူ့အခွင့်အရေးအုပ်စုများ၊ အင်န်ဂျီအိုဌာနအများအပြားကိုလည်း ပိတ်ပင်ခဲ့ပြီး အမည်မည်းစာရင်း တင်သွင်းခဲ့သည်။

















