ဆော်ပေါလို၌ အိမ်ခြေရာမဲ့ ၁၀ဝ၀ ကျော်အား ခရစ္စမတ်အကြို အစားအစာများကျွေးမွေးလှူဒါန်း

ဆော်ပေါလို၌ အိမ်ခြေရာမဲ့ ၁၀ဝ၀ ကျော်အား ခရစ္စမတ်အကြို အစားအစာများကျွေးမွေးလှူဒါန်း

ဘရာဇီးနိုင်ငံ ဆော်ပေါလိုမြို့၌ ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် အက်စ်ပီ အင်ဗစ်စီဗယ်၏ ကမကထပြုပြီး အများပြည်သူထံမှ ငွေကြေးအလှူခံကာရရှိလာသောငွေဖြင့် အိမ်ခြေရာမဲ့ ၁၀ဝ၀ ကျော်ကို ခရစ္စမတ်အကြို စတုဒီသာ ကျွေးမွေးခဲ့သည်။

လက်တင်အမေရိကရှိ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည့် ဆော်ပေါ်လို၌ အိမ်ခြေရာမဲ့များအား ကျွေးမွေးပြီး လက်ဆောင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပရဟိတအဖွဲ့က ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

အလှူငွေ ဒေါ်လာ ၂၀ဝ၀ဝ ကျော်ကိုရရှိခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်တွင် လမ်းမပေါ်တွင် ခင်းထားသည့် စားပွဲများပေါ်၌ အစားအစာများတည်ခင်းပြီး ကျွေးမွေးခဲ့ခြင်းဖြစ်သည်။

အစားအစာများကို နာမည်ကျော် ဘရာဇီးစားဖိုမှူး ရိုဒရီဂို မာတင်စ်က ချက်ပြုတ်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ဧည့်သည်များအား ကြက်သားကင်၊ ထမင်း၊ ပဲနှင့် အာလူးတို့ကိုကျွေးမွေးခဲ့သည်။ အစားအစာများမှာ ရိုးစင်းသော်လည်း အနံအရသာထူးခြားအောင် ချက်ပြုတ်ပေးထားကြောင်း မာတင်စ်ကပြောဆိုခဲ့သည်။

ဧည့်သည်များတွင် လေယာဉ်ပျက်မှုတစ်ခုအတွင်း ဇနီးနှင့် ကလေးနှစ်ဦးပါဝင်ခဲ့ပြီးနောက် စိတ်ကျကာ မူးယစ်ဆေးသုံးစွဲပြီး အိမ်ခြေရာမဲ့ဖြစ်ခဲ့သည့် ဝေါ်လ်တာ မက်စ်ကွီတာကလည်းပါဝင်သည်။

အခြားအိမ်ခြေရာမဲ့တစ်ဦးဖြစ်သည့် ဟူလီယာနာ ဒါဆေလ်ဗာသည်လည်း သားသမီးငါးဦးနှင့်အတူလာရောက်စားသုံးခဲ့သည်။ ၎င်းတို့သည် စွန့်ပစ်ထားသော အဆောက်အအုံထဲတွင်နေထိုင်နေသည်။ ယခုကျွေးမွေးမှုသည် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို ထင်ဟပ်ပြသလိုက်ခြင်းဖြစ်ကြောင်း ဒါဆေလ်ဗာကပြောဆိုခဲ့သည်။

အိမ်ခြေရာမဲ့များသည် သွားအပါအဝင် ကျန်းမာရေးစစ်ဆေးမှုများကိုလည်း အခမဲ့ခံယူခွင့်ရခဲ့သည်။