အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲပြီး ဆူနာမီဒီလှိုင်းရိုက်ခတ်မှုကြောင့် ဆွန်ဒရေလက်ကြားကမ်းခြေတွင် အနည်းဆုံး ၆၀ ကျော် သေဆုံးပြီး ၅၉၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၃ ရက်တွင် ရိုက်ခတ်ခဲ့သည့် ဆူနာမီလှိုင်းကြောင်း အိမ်ရာပေါင်းများစွာလည်း ပျက်စီးခဲ့သည်။ ကရာကာတိုအာမီးတောင်ပေါက်ကွဲပြီးနောက် ရေအောက်တွင်မြေပြိုရာမှ ဆူနာမီဒီလှိုင်း ဖြစ်ပေါ်ခဲ့ပုံရကြောင်း သဘာဝဘေး စီမံရေးအေဂျင်စီက ပြောဆိုသည်။
ဆွန်ဒရေလက်ကြားသည် ဂျာဗားကျွန်းနှင့် ဆူမာတြားကျွန်းအကြားတွင်ရှိပြီး ဂျာဗားပင်လယ်နှင် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ထားသည်။ သေဆုံးစာရင်းမှာ ပန်ဒီဂါလန်၊ တောင်ပိုင်းလမ်ပန်နှင့် ဆီရန်ဒေသများမှ ဖြစ်သည်။ လူသိများ ရော့ခ် တေးဂီတအဖွဲ့တစ်ဖွဲ့၏ အနောက်ဂျာဗားကမ်းခြေဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရပြီး စတိတ်စင်ကိုရေလွှမ်းမိုးခဲ့ပြီး အဖွဲ့ဝင်တစ်ဦး သေဆုံး၊ လေးဦးပျောက်ဆုံးခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။
အနာ့ခ် ကရာကာတိုအာမီးတောင်သည် မကြာမီလများအတွင်း လှုပ်ရှားခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်က မီးတောင်သည် နှစ်မိနစ်စွန်းစွန်း ပေါက်ကွဲခဲ့ပြီး ပြာမှုန်များကို မီးတောင်အထက် မီတာ ၄၀ဝ(ပေ ၁၃၀ဝ)သို့ မှုတ်ထုတ်ခဲ့သည်။ မီးတောင်ဝနှင့် ၂ ကီလိုမီတာအတွင်း လူဝင်ရောက်ရန် မသင့်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာကလည်း အင်ဒိုနီးရှာအလယ်ပိုင်း စူလာဝေစီကျွန်းတွင် အားပြင်းငလျင်တစ်ခုကြောင့် ဆူနာမီ ဒီလှိုင်းဖြစ်ပေါ်ရိုက်ခတ်ခဲ့ပြီး လူ ၂၀ဝ၀ ကျော် သေဆုံးခဲ့ရသည်။ ၂၀ဝ၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က အိန္ဒိယသမုဒ္ဒရာတွင်း အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီဒီလှိုင်းများ ရိုက်ခတ်ခဲ့၍ နိုင်ငံ ၁၄ နိုင်ငံတွင် လူ ၂၂၈၀ဝ၀ သေဆုံးခဲ့ရသည့်အနက် အများစုသည် အင်ဒိုနီးရှားမှဖြစ်သည်။

















