မြန်မာနိုင်ငံသည် ဆယ်စုနှစ်တစ်ခုအတွင်း MMA (ကိုယ်ခံပညာပေါင်းစုံ အတိုက်)အားကစားနှင့်ပတ်သက်၍ ကမ္ဘာ့နံ့ပါတ် တစ်ဖြစ်လာရန် ယုံကြည်ထားကြောင်း ဝမ်းချန်ပီယံရှစ်၏ မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
မိတ်ဆက်သင်ကြား
မြန်မာ့စပါးကြီးမြွေအောင်လအန်ဆန်သည် ဒီဇင်ဘာ ၁၅ရက်က မြစ်ကြီးနားမြို့ မနောကွင်း၌ ကျင်းပခဲ့သည့် ၎င်း၏ ကြေးရုပ်တုဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့မှ လူငယ်များကို MMA နှင့်ပတ်သက်သည့် အခြေခံပညာများကို မိတ်ဆက်သင်ကြားပြသပေးခဲ့သည်။
" ပြီးခဲ့တဲ့အပတ်ထဲမှာ မြစ်ကြီးနားကလူငယ်တွေကို ငါးရက်လောက်အချိန််ပေးပြီး MMAနဲ့ပတ်သတ်တဲ့ အခြေခံတွေမိတ်ဆက်ပေးခဲ့တယ်။ ဒီလူငယ်တွေမှာ အလားအလာကောင်းတွေရှိသလို တကယ်ဖြစ်နိုင်တဲ့ အခြေအနေတွေလည်းတွေ့ရတယ်။ အဲ့ဒီ MMA နည်းစနစ်တွေ သူတို့ကိုပြတဲ့အခါမှာဂရုတစိုက်နဲ့ လိုလိုလားလားရှိကြတယ်။ဒီလိုအချိန်ပေးပြီးသင်ပေးခွင့်ရတဲ့အတွက်အရမ်းကျေးဇူးတင်ရပါတယ်။ပြီးတော့မြန်မာနိုင်ငံမှာ အနာဂတ်အတွက် MMA နဲ့ပတ်သတ်ပြီး အခြေအနေကောင်းလာမယ်လို့ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်။ နောက်ဆယ်နှစ်အတွင်း ကျွန်တော်တို့နိုင်ငံကဒီအားကစားနဲ့ပတ်သတ်ပြီး ကမ္ဘာ့နံပတ်တစ်ဖြစ်လာမယ်လို့လည်း ယုံကြည်ထားတယ်" ဟု ၎င်း၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။
ရည်မှန်းထား
ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် မနောကွင်းအနီး၌ ကိုယ်ကာယလေ့ကျင့်ရေး အားကစားရုံတစ်ခုကိုလည်း တည်ဆောက်ဖွင့်လှစ်ရန် ရည်မှန်းထားပြီး မည်သည့်ကာလတွင် တည်ဆောက်မည်ဆိုသည်ကို မသိရှိရသေးပေ။ အောင်လအန်ဆန်သည် လာမည့်နှစ် မတ်လတွင် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် ဂျပန်နိုင်ငံသား ကမ်ဟာဆီဂါ၀ါနှင့် ဂျပန်နိုင်ငံ၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။















