မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂ဝ၁၈ အရှေ့တောင်အာရှ အပျော်တမ်းအသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၃ရက်က နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း၌ ကျင်းပခဲ့ရာ အမျိုးသားတစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။
အမျိူးသားတစ်ဦးချင်းပွဲစဉ်
အဆိုပါပြိုင်ပွဲ Lion Cup အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင် ပြည့်ဖြိုးသူက လေးရက်ပေါင်းရိုက်ချက် (၂၉၀)ချက်ဖြင့် ပထမ၊ ထိုင်းမှ ဘိုရီပွန်ဆပ်က လေးရက်ပေါင်းရိုက်ချက် (၂၉၇)ချက်ဖြင့် ဒုတိယ၊ စင်ကာပူမှ အန်တစ်ချောင်က လေးရက်ပေါင်းရိုက်ချက် (၃၀ဝ)ချက်ဖြင့် တတိယ၊ အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအသင်းမှ လေးရက်ပေါင်းရိုက်ချက် (၅၉ဝ)ချက်ဖြင့် ပထမ၊ ထိုင်းအသင်းမှ လေးရက်ပေါင်းရိုက်ချက် (၅၉၂)ချက်ဖြင့် ဒုတိယ၊ အင်ဒိုနီးရှားအသင်းမှ လေးရက်ပေါင်းရိုက်ချက် (၅၉၈)ချက်ဖြင့် တတိယ ရရှိခဲ့သည်။
Putra Cup တစ်ဦးချင်း ပြိုင်ပွဲတွင် ထိုင်းမှ တာနာပတ်က ပထမ၊ ဟောင်ကောင်မှ လီယိုဖိလစ်က ဒုတိယ၊ ထိုင်းမှ ပရာသကွန်က တတိယ၊ Putra Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ ဖိလစ်ပိုင်အသင်းမှ ဒုတိယ၊ စင်္ကာပူအသင်းမှ တတိယ ရရှိခဲ့ကြသည်။
အသင်းလိုက်ပြိုင်ပွဲ
Santi Cup အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်တွင် ဖိလစ်ပိုင်မှ အစ်ဇဘယ်က ပထမ၊ ဖိလစ်ပိုင်မှ ခရီဂိုးက ဒုတိယ၊ ထိုင်းမှ နာပါဘက်ချ်က တတိယ၊ Santi Cup အသင်းလိုက်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အသင်းမှ ပထမ၊ ထိုင်းအသင်းမှ ဒုတိယ၊ မလေးရှားအသင်းမှ တတိယ၊ Kartini Cup တစ်ဦးချင်းပြိုင်ပွဲတွင် ထိုင်းမှ ဂျမ်ပီတ က ပထမ၊ မြန်မာမှ သင်းဝေခိုင်က ဒုတိယ၊ ဖိလစ်ပိုင်မှ ဂါဘာဆာက တတိယ၊ Kartini Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ ဖိလစ်ပိုင်အသင်းမှ ဒုတိယ၊ မလေးရှားအသင်းမှ တတိယဆုများကို ရရှိခဲ့ကြသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို မြတ်နန်းယုံ ဟိုတယ်၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။















