ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲတစ်ပတ်အလို တပ်များဖြန့်ချ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ထပ်မံအောင်နိုင်ရန် ကြိုးပမ်းနေ

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲတစ်ပတ်အလို တပ်များဖြန့်ချ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ထပ်မံအောင်နိုင်ရန် ကြိုးပမ်းနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒီဇင်ဘာ ၃၀ ရက်၌ ကျင်းပမည့်ရွေးကောက်ပွဲတစ်ပတ်နီးပါးအလို ဒီဇင်ဘာ ၂၄ ရက်၌ နိုင်ငံတဝန်း လုံခြုံရေးတပ်များ ဖြန့်ချလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် တတိယအကြိမ် ပြန်လည် ရွေးကောက်ခံနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

လုံခြုံရေးနှင့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဧရိယာ ၃၈၉ ခုတွင် ဇန်နဝါရီ ၂ ရက်အထိ တပ်များ ဖြန့်ချလိုက်ခြင်းဖြစ်သည်။ ကမ်းခြေဒေသကို ရေတပ်ကတာဝန်ယူထားပြီး လေတပ်ကလည်း ရဟတ်ယာဉ်၊ လေယာဉ်များ အသင့်ပြင်ထားသည်။

ယခုလစောစောပိုင်းကလည်း နယ်စပ်ဒေသ ၈၇ ခုတွင် အရန်တပ်ဖွဲ့များ ဖြန့်ချခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ရွေးကောက်ပွဲကြိုကာလ တပ်များဖြန့်ချခြင်းသည် အစဉ်အလာဖြစ်သည်။ အဓိကအတိုက်အခံခေါင်းဆောင် ကမဲလ်ဟိုစိန်က တပ်များဖြန့်ချခြင်းကို ကြိုဆိုလိုက်ပြီး ယင်းကြောင့် မဲပေးသူများ မဲပေးရန် ယုံကြည်မှု တိုးမြှင့်လာစေကြောင်း ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်အပတ်များအတွင်း အဓိကရုဏ်းများကြောင့် အနည်းဆုံး ၆ ဦးသေဆုံးခဲ့ပြီး ရာချီဒဏ်ရာရရှိခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာခေါင်းဆောင်သည့် ဘင်္ဂလားဒေ့ရှ်နေရှင်နယ်လစ်ပါတီမှ ထင်ရှားသည့် ရှေ့နေတစ်ဦးဖြစ်သူ ကမဲလ်ဟိုစိန်သည် ရှိတ်ဟာဆီနာအတွက် အဓိကစိန်ခေါ်သူ ဖြစ်လာသည်။ နောက်ထပ် ပြိုင်ဘက်တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်တွင် အကြီးဆုံး အစ္စလာမ္မစ်ပါတီဖြစ်သည့် ဂျာမက်အီးအစ္စလာမီ ဖြစ်သည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ဘင်္ဂလားဒေ့ရှ်အတွက် ၁၁ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲဖြစ်ပြီး အတိုက်အခံများနှင့် လှုပ်ရှားသူအများအပြားကို အစိုးရက ထောင်သွင်းအကျဉ်းချခြင်းဖြင့် အားနည်းစေသည်ဟု စွပ်စွဲထားချိန်တွင် ကျင်းပခြင်းဖြစ်သည်။ ဟာဆီနာအစိုးရကလည်း ဖမ်းဆီးမှုများသည် နိုင်ငံရေးရည်ရွယ်ချက် မပါကြောင်း၊ အတိုက်အခံများသည် ရွေးကောက်ပွဲကြိုကာလတွင် ကသောင်းကနင်းဖြစ်စေရန် ဖန်တီးခဲ့ကြကြောင်း တုံ့ပြန်ပြောဆိုထားသည်။

အိပ်ချ်အာဒဗလျူခေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဘင်္ဂလားဒေ့အစိုးရအနေဖြင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေး အခြေအနေဖန်တီးပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးစေလိုကြောင်း တောင်းဆိုခဲ့သည်။