အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်စာတင်သွင်းထားသည့် ဗိုလ်ချုပ်ကြီးဟောင်း ဂျင်မက်တစ်သည် မူလအစီအစဉ်ထက် ပိုမိုစောစီးစွာအနားယူမည်ဖြစ်ပြီး သမ္မတဒေါ်နယ်ထရမ့်က ဒုတိယကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှန်းနဟန်ကို ဝန်ကြီးအဖြစ် ယာယီတိုးမြှင့်ပေးလိုက်သည်။
ရှန်းနဟန်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် အမြဲတန်းခန့်အပ်ခံရရန်လည်း မျှော်လင့်ရသည်။ စွမ်းရည်ပြည့်ဝသည့် ရှန်းနန်ကို ဇန်နဝါရီ ၁ ရက်မှစ၍ ယာယီကာကွယ်ရေးဝန်ကြီးတာဝန်ပေးကြောင့် သမ္မတထရမ့်ကကြေညာခဲ့ရာ ဖေဖော်ဝါရီကုန်အထိ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း နုတ်ထွက်စာတွင် ဖော်ပြခဲ့သည့်မက်တစ်သည် နှစ်လစော၍ နုတ်ထွက်ရတော့မည်ဖြစ်သည်။
စစ်ဘက်ကို တိုင်ပင်ခြင်းမရှိဘဲ ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို အလျင်အမြန်ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း သမ္မတထရမ့်ကကြေညာခဲ့ပြီး နောက်တစ်ရက်တွင် မက်တစ်က သမ္မတထံ နုတ်ထွက်စာတင်သွင်းခဲ့ခြင်း ဖြစ်သည်။
မက်တစ်သည် ကမ်းတက်တပ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး စက်မှုအင်ဂျင်နီယာဘွဲ့ရ ရှန်းနဟန်မှာ စစ်ဘက်အတွေ့အကြုံမရှိဘဲ ဘိုးအင်းကုမ္ပဏီတွင် နှစ် ၃၀ ကျော် အမှုထမ်းခဲ့သူဖြစ်ကာ ထရမ့်၏တာဝန်ပေးမှုဖြင့် ၂၀၁၇ ဇူလိုင်မှစ၍ ဒုကာကွယ်ရေးဝန်ကြီး ဖြစ်လာသူဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး(ပင်တဂွန်အကြီးအကဲ)ရာထူးကို ယာယီခန့်အပ်ခြင်းမှာ အစဉ်အလာမဟုတ်ချေ။ ဝန်ကြီးနုတ်ထွက်ပါက ၄င်းသည် ဝန်ကြီးအသစ်ခန့်အပ်မည်သူ အတည်ပြုသည်အထိ တာဝန်ထမ်းဆောင်ရသည်။
သမ္မတနှင့်သဘောကွဲ၍ မက်တစ်နုတ်ထွက်မှုအပေါ် ဝေဖန်မှုများအား သမ္မတထရမ့်က တုံ့ပြန်ရာတွင် မက်တစ်ကို ယခင်သမ္မတ အိုဘားမားက ဂုဏ်သိက္ခာမဲ့အောင် ဖြုတ်ပစ်ခဲ့သော်လည်း မိမိက ဒုတိယအခွင့်အရေးပေးခဲ့ကြောင်း တွစ်တာမှ ဖော်ပြခဲ့သည်။
ထို့အပြင် ဆီးရီးယားမှ အမေရိကန်တပ်များရုပ်သိမ်းရန် ၄င်း၏အစီအစဉ်အား အိမ်ပြန်လိုသည့် စစ်သည်များအား ပြန်ခေါ်လိုသည့် လူပြိန်းကြိုက်ဆောင်ရွက်မှုအဖြစ် ဖော်ပြခဲ့သည့်မီဒီယာများကို တိုက်ခိုက် ဝေဖန်ခဲ့သည်။
ထရမ့်သည် အာဖဂန်နစ္စတန်မှ အမေရိကန်စစ်သည် ၁၄၀ဝ၀ အနက် ထက်ဝက်ကိုလည်း ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ရာ ယင်းအတွက်လည်း မက်တစ်မကျေမနပ်ဖြစ်ခဲ့သည်။

















