ဆူနာမီကြောင့် အင်ဒိုနီးရှား၌သေဆုံးသူ ၂၈၀ ကျော်ခဲ့ မီးတောင်ကြောင့် နောက်ထပ် ဆူနာမီလှိုင်းလာမည်စိုးရိမ်

ဆူနာမီကြောင့် အင်ဒိုနီးရှား၌သေဆုံးသူ ၂၈၀ ကျော်ခဲ့ မီးတောင်ကြောင့် နောက်ထပ် ဆူနာမီလှိုင်းလာမည်စိုးရိမ်

အင်ဒိုနီးရှားနိုင်ငံတွင် အနာ့ခ် ကရာကာတော်မီးတောင်ပေါက်ကွဲသဖြင့် ဆူနာမီဒီလှိုင်းရိုက်ခတ်မှုကြောင့် ဒီဇင်ဘာ ၂၄ ရက်အထိ သေဆုံးသူ ၂၈၀ ကျော် တွေ့ရှိထားပြီး မီးတောင်အနီး ကမ်းခြေတွင်နေသူများ နောက်ထပ် ဆူနာမီလှိုင်း လာမည်ကို စိုးရိမ်နေကြသည်။

ဒီဇင်ဘာ ၂၂ ရက်က ဆူမာတြာနှင့် ဂျာဗားကျွန်းတို့မှ ကမ်းခြေမြို့များသည် သတိပေးမှုနည်းပါးခြင်းနှင့်အတူ ကြီးမားသည့် ဆူနာမီလှိုင်းရိုက်ခတ်ခံခဲ့ရပြီး ၂၈၁ ဦးသေဆုံးကာ ၁၀၁၆ ဦး ပျောက်ဆုံးခဲ့ရသည်။

ကာရာကာတော် မီးတောင်သည် ဒီဇင်ဘာ ၂၃ ရက်၌ ပြာနှင့်မီးခိုးများ ထပ်မံထုတ်လွှတ်ခဲ့၍ ဒေသခံများ စိုးရိမ်နေကြခြင်း ဖြစ်သည်။ ဒီလှိုင်းကြောင့် အနောက်ဂျာဗားရှိ တန်ဂျောင်လဲဆန်အပန်းခြေစခန်း အပါအဝင် ထင်ရှားသည့် ကမ္ဘာလှည့်ခရီးသွား စခန်းများစွာလည်း ပျက်စီးခဲ့သည်။

နောက်ထပ်ဆူနာမီဖြစ်နိုင်ခြေရှိကြောင်း အင်ဒိုနီးရှား သဘာဝဘေးစီမံရေးအေဂျင်စီကလည်း သတင်းစာရှင်းလင်းပွဲတွင် သတိပေးခဲ့သည်။

အေဂျင်စီ။ ကြိုတင်သတိပေးစနစ်သည် မြေငလျင်များကို စောင့်ကြည့်ရန် စီမံထားပြီး ရေအောက်မြေပြိုမှုနှင့် မီးတောင်ပေါက်ကွဲမှုများကို ထောက်လှမ်းနိုင်ခြင်းမရှိ၍ ဆူနာမီလှိုင်းများဖြစ်ပေါ်ခြင်းကို ကြိုတင်သတိပေးနိုင်ခြင်းမရှိကြောင်း သိရသည်။ ရန်ပုံငွေချို့တဲ့ခြင်းနှင့် နည်းပညာချွတ်ယွင်းမှုကြောင့် ၂၀၁၂ ခုနှစ်မှစ၍ ဆူနာမီကြိုတင်သတိပေးစနစ် အသက်မဝင်ကြောင်းလည်း ဝန်ခံခဲ့သည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ရေအောက်တွင်မြေပြိုပြီး လူသတ်လှိုင်းကြီးများဖြစ်ပေါ်စေခဲ့ကြောင်း ယူဆကြသည်။

လမ်းများပိတ်ဆို့နေသော်လည်း ယန္တရားများအသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အပူတပြင်း ဆောင်ရွက်နေသည်။ အနာ့ခ် ကရာကာတော်မီးတောင်သည် ၁၉၂၇ ခုနှစ်တွင် နာမည်ကျော် ကရာကာတိုမီးတောင်ပေါက်ကွဲပြီးနောက် ဖွဲ့စည်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာ့မီးတောင် ၁၃ ရာခိုင်နှုန်းသည် အင်ဒိုနီးရှားတွင် တည်ရှိကြောင်းလည်း သိရသည်။

၁၈၈၃ ခုနှစ် သြဂုတ်၌ ကမ္ဘာ့သမိုင်းတွင် အပြင်းထန်ဆုံး မီးတောင်ပေါက်ကွဲမှုအဖြစ် အင်ဒိုနီးရှားတွင် ကရာကာတိုအာ မီးတောင်ပေါက်ကွဲမှုကြောင့် အမြင့် ၄၁ မီတာရှိ ဆူနာမီဒီလှိုင်းများ ဖြစ်ပေါ်ခဲ့ပြီး လူ ၃၀ဝ၀ဝ ကျော် သေဆုံးခဲ့သည်။

ယင်းမီးတောင်ပေါက်ကွဲမှုသည် တီအင်န်တီယမ်း မီဂါတန် ၂၀ဝ နှင့်ညီမျှ၍ ၁၉၄၅ ခုနှစ်၌ ဟီရိုရှီးမားတွင်ကြဲချခဲ့သည့် နျူကလီးယားဗုံးထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်။