ဂျပန် အင်ပါယာဘုရင် အကီဟီတို၏ မွေးနေ့ပွဲနှင့် နန်းသက်နောက်ဆုံးနှစ်အဖြစ် နှုတ်ဆက်ပွဲသို့ ပြည်သူရှစ်သောင်းခန့် စံချိန်တင်တက်ရောက် ဂါရဝပြုခဲ့ကြကြောင်းသိရသည်။ ၂၀၁၉ ဧပြီတွင် ဘုရင် အကီဟီတိုသည် သားတော်ဖြစ်သူထံထီးနန်းလွှဲအပ်မည်ဖြစ်သည်။
အသက် ၈၅ နှစ်အရွယ် ဘုရင် အကီဟီတိုက ၎င်း၏ နန်းစံသက်တမ်းအတွင်းဂျပန်သည် နောက်ထပ်စစ်ပွဲအတွင်းသို့ မရောက်ရှိခဲ့ခြင်းအတွက်လည်းများစွာစိတ်ကျေနပ်မိကြောင်းဖြင့် ဒီဇင်ဘာ ၂၃ ရက်နေ့၌ ကျင်းပသည့် မွေးနေ့အခမ်းအနား၌ ပြောကြားခဲ့သည်။
နန်းစံသက်တမ်းအတွင်းဝိုင်းဝန်းပံ့ပိုးကူညိခဲ့ကြသောဂျပန်ပြည်သူတစ်ရပ်လုံးနှင့် မိဖုရားကြီးမီချီကိုတို့ကိုလည်းကျေးဇူးတင်ရှိကြောင်းဘုရင် အကီဟီတိုကပြောသည်။
ပြီးခဲ့သည့် နှစ် နှစ်ရာအတွင်းဘုရင် အကီဟီတိုသည် သက်ရှိထင်ရှားဖြင့် နန်းစွန့်သည့် ပထမဆုံးဂျပန်ဘုရင်လည်းဖြစ်သည်။ ဘုရင် အကီဟီတို၏ အရိုက်အရာကိုသားတော် အိမ်ရှေ့စံနာရူဟီတိုကဧပြီလတွင် ဆက်ခံမည်ဖြစ်သည်။
ဘုရင် အကီဟီတို၏ နန်းစံသက် ဆယ်စုနှစ် သုံးခုကာလကိုဂျပန်တို့က “ငြိမ်းချမ်းမှု ရရှိသောကာလ” ဟုဂုဏ်ပြုခေါ်ဝေါ်လျက်ရှိသည်။
ယခုနှစ်အတွင်းနှင့် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်းငလျင်ဘေး၊ မုန်တိုင်း၊ အပူလှိုင်းစသောသဘာဝဘေးများကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့သူများ၏မိသားစုဝင်များနှင့်လည်းထပ်တူကြေကွဲရကြောင်းလည်းဘုရင် အကီဟီတိုကပြောကြားခဲ့သည်။
ဘုရင် အကီဟီတို၏ နေရာသည် ဂုဏ်ထူးဆောင်သဘောဖြစ်ပြီး၊ နိုင်ငံရေးသြဇာမရှိသော်လည်း ပြည်သူအများ၏ ချစ်ကြည်မှုကိုခံယူရရှိပြီး နိုင်ငံရေးတွင် သိမ်မွေ့စွာ သြဇာလွှမ်းမိုးမှုရှိသောရှင်ဘုရင်တစ်ပါးလည်းဖြစ်သည်။

















