အင်္ဂါဂြိုလ်သို့ လူသားများ စေလွှတ်ရန် ကြိုးပမ်းခြင်းသည် အကျိုးမရှိသော အစီအစဉ်သာဖြစ်လိမ့်မည်ဟု လကို သွားရောက်ခဲ့သည့် အာကာသယာဉ်မှူးဟောင်းတစ်ဦးက မှတ်ချက်ပေး ပြောကြားလိုက်သည်။
မှတ်ချက်ပေးသူမှာ ဘီလ် အန်ဒါဖြစ်ပြီး အပိုလို ၈ ဒုံးယာဉ်ဖြင့် လ ပတ်လမ်းကြောင်းသို့ သွားရောက်ခဲ့သည့် လူသားများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။
အပိုလို အာကာသအစီအစဉ်သည် ကမ္ဘာပတ်လမ်းကြောင်းမှ လူသားများ ရုန်းထွက်ကာ လကဲ့သို့ အခြားတစ်နေရာသို့ သွားရောက်ရန် ကြိုးပမ်းခဲ့သည့် ပထမဆုံး အားထုတ်မှုလည်း ဖြစ်သည်။
နာဆာသည် လပေါ်သို့ လူသားများ ပြန်လည်စေလွှတ်နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။ လပေါ်သို့ လူသားများစေလွှတ်မှုမှ ရရှိလာသော နည်းပညာနှင့် အတွေ့အကြုံသစ်များကို အသုံးချကာ အင်္ဂါဂြိုလ်သို့ လူသားများ စေလွှတ်နိုင်ရန် နာဆာက စီစဉ်နေသည်။
“အင်္ဂါဂြိုလ်ကို လူသားတွေ သွားဖို့ လိုလို့လား။ သွားရလောက်တဲ့ တွန်းအားက ဘာလဲ။ မလိုအပ်ဘဲ သွားတာဟာ အကျိုးမဲ့ လုပ်ရပ်ပဲ။ အများပြည်သူကလည်း စိတ်ဝင်တစား ရှိလိမ့်မယ်လို့ ကျုပ်တော့ မထင်ဘူး” ဟု မစ္စတာ အန်ဒါက ပြောသည်။
အန်ဒါသည် ယခုအခါ အသက် ၈၅ နှစ်ရှိပြီဖြစ်သည်။ လက်ရှိတွင် လူသားများ အင်္ဂါဂြိုလ်သွားခြင်းကို အားမပေးသော်လည်း စက်ရုပ်ယာဉ်များ စေလွှတ်ကာ အင်္ဂါဂြိုလ်ပေါ်၌ စူးစမ်းလေ့လာမှုများ ပြုနေခြင်းကိုမူ အားပေးကြောင်း၊ အကုန်အကျလည်း သက်သာကြောင်းဖြင့် မစ္စတာ အန်ဒါက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် နာဆာက စေလွှတ်ထားသော အိုင်ဆိုက် ဂြိုလ်ဆင်းယာဉ်သည် အင်္ဂါဂြိုလ်မျက်နှာပြင်နှင့် အတွင်းပိုင်းဖွဲ့စည်းပုံများကို တူးယူလေ့လာကာ ကမ္ဘာမြေသို့ အချက်အလက်များ ပြန်လည်ပေးပို့လျက်ရှိနေသည်။

















