ကားအင်ဂျင် မီးလောင်မှုများအတွက် တာဝန်ယူရန် နှောင့်နှေးမှုဖြင့် BMW ကို တောင်ကိုရီးယား ဒေါ်လာ ၁၀ သန်း ဒဏ်ရိုက်

ကားအင်ဂျင် မီးလောင်မှုများအတွက် တာဝန်ယူရန် နှောင့်နှေးမှုဖြင့် BMW ကို တောင်ကိုရီးယား ဒေါ်လာ ၁၀ သန်း ဒဏ်ရိုက်

တောင်ကိုရီးယားနိုင်ငံတွင် BMW ကား ဒါဇင်နှင့်ချီပြီး ယခုနှစ်အတွင်း အင်ဂျင်မီးလောင်မှုများ ဖြစ်ပွားခဲ့ရာ BMW ၏ တောင်ကိုရီးယား ဌာနခွဲသည် တာဝန်ယူကိုင်တွယ်ရန် နှောင့်နှေးသည်ဆိုကာ တောင်ကိုရီးယားအစိုးရက ဒဏ်ငွေ ဝမ် ၁၁ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၉ သန်း) ဒဏ်ရိုက်လိုက်သည်။

ယခုနှစ်ဆန်းပိုင်းတွင် BMW ကား ၄၀ ခန့် အင်ဂျင်မီးလောင်မှုများ ဖြစ်ပွားခဲ့ရာ BMW ၏ တောင်ကိုရီးယားဌာနခွဲသည် ပြဿနာကို ဖုံးဖုံးဖိဖိ လုပ်ခဲ့သလို၊ ကားများကို ပြန်ခေါ်ယူ ပြင်ဆင်ပေးရန်လည်း နှောင့်နှေးခဲ့ကြောင်း တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။

ကား၏ အိပ်ဇောမီးခိုးအအေးပေးစနစ်တွင် အသုံးပြုသည့် အဆို့များ ပုံမှန်အလုပ်မလုပ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အင်ဂျင်မီးလောင်မှုနှင့် ပတ်သက်ပြီး BMW သည် တောင်းပန်ချက် ထုတ်ပြန်ခဲ့ကာ ဇူလိုင်နှင့် အောက်တိုဘာတွင် ကားမော်ဒယ်  ၆၅ မျိုးမှ  စီးရေ ၁၇၂၀ဝ၀ စီးကို ပြန်ခေါ်ယူပြင်ဆင်ပေးခဲ့ရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၏ အင်ဂျင်မီးလောင်မှု စစ်ဆေးတွေ့ရှိချက်သည် BMW တွေ့ရှိချက်နှင့် တူညီကြောင်းလည်း BMW က ထုတ်ပြန်ခဲ့သည်။ အရှိန်မြင့်မြင့်ဖြင့် အချိန်ကြာမြင့်စွာ မောင်းနှင်မှသာ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး ချွတ်ယွင်းနေသည့် အစိတ်အပိုင်းကို လဲလှယ်ပြင်ဆင်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်ကြောင်း BMW ၏ တောင်ကိုရီးယားဌာနခွဲက ပြောသည်။

တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးသလို၊ ပြဿနာကို ဖုံးဖုံးဖိဖိ လုပ်ခဲ့သည်ဟူသော ပို့ဆောင်ရေးဝန်ကြီးဌာန၏ စွပ်စွဲချက်ကိုမူ BMW ၏ တောင်ကိုရီးယားဌာနခွဲက တုံ့ပြန်မှတ်ချက်ပေးခြင်းမရှိကြောင်း တွေ့ရသည်။