တစ်ကျော့ပြန်အယ်လ်ခိုင်ဒါ ဥရောပတွင် လေယာဉ်များကို ပစ်မှတ်ထားဖွယ်ရှိကြောင်း ဗြိတိန်လုံခြံရေးဝန်ကြီးသတိပေး

တစ်ကျော့ပြန်အယ်လ်ခိုင်ဒါ ဥရောပတွင် လေယာဉ်များကို ပစ်မှတ်ထားဖွယ်ရှိကြောင်း ဗြိတိန်လုံခြံရေးဝန်ကြီးသတိပေး

အယ်လ်ခိုင်ဒါအကြမ်းဖက်အုပ်စုသည် ပြန်လည်ရှင်သန်လာပြီးနောက် ဥရောပတွင် ခရီးသည်လေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်လာဖွယ်ရှိကြောင်း ဗြိတိန်လုံခြုံရေးဝန်ကြီး ဘန်ဝါးလေ့စ်က သတိပေးလိုက်သည်။

၂၀ဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အမေရိကန်တွင် လူ ၃၀ဝ၀ ခန့် သေဆုံးခဲ့ရသည့် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံကို တိုက်ခိုက်ခဲ့မှုနောက်ကွယ်တွင် ရှိခဲ့သည့် အယ်လ်ခိုင်ဒါသည် တိုးတက်လာသည့် နည်းပညာများကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုကျူးလွန်နိုင်ခြေ ရှိနေသေးကြောင်း ဒီဇင်ဘာ ၂၂ ရက်ည၌ ဝါးလေ့စ်က ဆန်းဒေးတိုင်းမ် သတင်းစာနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ လှုပ်ရှားမှုမြင့်တက်လာချိန်တွင် အယ်လ်ခိုင်ဒါသည် ငြိမ်သက်စွာဖြင့် အခြေအနေကို စောင့်ကြည့်နေခဲ့ကြောင်း၊ ၄င်းတို့သည် ပျောက်ကွယ်သွားခြင်းမရှိကြောင်းလည်း ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားမှ အမေရိကန်တပ်များရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းကို ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲက စိုးရိမ်ကြောင်း ပြောဆိုထားသည်။ ဝါးလေ့စ်ကလည်း ယင်းအခြေအနေသည် အစ္စလာမ္မစ်အစွန်းရောက်များအတွက် အနောက်တိုင်းတွင် တိုက်ခိုက်ရန် လုံခြုံသည့်ဗိမာန်တစ်ခု ဖန်တီးပေးရာရောက်ကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ် အပါအဝင် အမေရိကန်နိုင်ငံရေးသမားအချို့ကလည်း အရှေ့အလယ်ပိုင်းမှ အမေရိကန်တပ်များရုပ်သိမ်းရန် သမ္မတထရမ့်၏ဆုံးဖြတ်ချက်သည် ဒုတိယမြောက် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုကို ဦးတည်စေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။