အင်ဒိုနီးရှားနိုင်ငံတွင် အနာ့ခ်ကရာကတော်မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဒီလှိုင်းရိုက်ခတ်၍ သေဆုံးရသူ အရေအတွက်သည် ဒီဇင်ဘာ ၂၄ ရက် ညပိုင်းတွင် ၃၇၃ ဦးအထိ ရှိသွားပြီဟု သိရသည်။
၁၄၅၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁၂၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ကြိုတင်သတိပေးနိုင်စွမ်းမရှိခဲ့သည့် ဆူနာမီထောက်လှမ်းရေး စနစ်မှ ကိရိယာအားလုံးကို ပြုပြင်ခြင်း၊အစားထိုးခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ဒီဇင်ဘာ ၂၄ ရက်၌ ကတိပြုခဲ့သည်။
ဝီဒိုဒိုသည် ဘေးဒဏ်သင့်ဒေသသို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်များအား အမြန်ဆုံးလျော်ကြေးပေးရန် လူမှုရေးဝန်ကြီးကို ညွန်ကြားခဲ့သည်။
အင်ဒိုနီးရှားတွင် တပ်ဆင်ထားသည့် ဆူနာမီအချက်ပေးစနစ်သည် ငလျင်လှုပ်ခြင်းမှ ဆူနာမီဖြစ်ပေါ်ခြင်းကိုသာ စောင့်ကြည့်နိုင်ပြီး ယခုဆူနာမီဒီလှိုင်း ရိုက်ခတ်မှုသည် မီးတောင်ပေါက်ကွဲ၍ ရေအောက်တွင် အကြီးအကျယ်မြေပြိုကျမှုများ ဖြစ်ပွားခဲ့ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

















