ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ အသွားအပြန်လေကြောင်းလိုင်း ခရီးစဉ်သစ်ကို ဒီဇင်ဘာ ၂၅ ရက်(ယနေ့)တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
အသွားအပြန်တစ်ခေါက်
လေကြောင်းခရီးစဉ်သစ်ပြေးဆွဲမည့် အစီ အစဉ်ကို မြန်မာနိုင်ငံပိုင် လေကြောင်းလိုင်း ဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း နှင့် Asia World Group of Companies ၏လက်အောက်ခံ International Travel Asia Co.,Ltd တို့ ပူးပေါင်းပြေးဆွဲခြင်းဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် တစ်နေ့လျှင် အသွားအပြန် တစ်ခေါက် ပျံသန်းပြေးဆွဲမည်ဖြစ်သည်။
"ရန်ကုန်-ပုသိမ်ခရီးမှာ ကားလမ်းကို အားကိုးနေရတာ အချိန်လေးနာရီလောက် ကြာတယ်။ ခရီးသွား ကြန့်ကြာမှုတွေရှိတယ်။ အမြန်သွားလိုသူတွေ၊ ဒေသတွင်းပြည်သူတွေ အလွယ်တကူသွားလာနိုင်ဖို့နဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ သွားလာမှု လွယ်ကူ မြန်ဆန်စေဖို့အတွက် စီစဉ်တာပါ"ဟု ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောဆိုသည်။
ပျံသန်းချိန်
ရန်ကုန်-ပုသိမ် ခရီးစဉ်အတွက် မြန်မာ နိုင်ငံသားခရီးသည်များမှာ တစ်ဦးလျှင် ငွေကျပ် ၅၅၀ဝ၀၊ နိုင်ငံခြားသား ခရီးသည်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၅ ဒေါ်လာ ကျသင့် မည်ဖြစ်ကာ ပုသိမ်--ရန်ကုန်ခရီးစဉ်အတွက် မြန်မာနိုင်ငံသား တစ်ဦးလျှင် ငွေကျပ် ၅၃၀ဝ၀၊ နိုင်ငံခြားသား ခရီးသည်တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၅၃ ဒေါ်လာ ကျသင့်မည်ဖြစ်ကာ ပျံသန်းချိန် မိနစ် ၄၀ ကြာမြင့်မည်ဖြစ်သည်။
"လေယာဉ်ပြေးဆွဲပေးတာက ခရီးကြာချိန် ကို ချုံ့နိုင်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကျတော့ ကားခတွေနဲ့ ဆယ်ဆမက ကွာနေတယ်။ ကားနဲ့သွားရင် ကျပ် ၄၀ဝ၀ လောက်ကုန်မယ့်ခရီးကို ကျပ် ၅၀ဝ၀ဝ လောက် အကုန်ခံပြီး သွားမယ်မထင်ဘူး။ ကျွန်မတို့လို ခေါက်တုံ့ ခေါက်ပြန်သွားနေတဲ့ ကုန်သည်တွေ ဆို ပိုဆိုးတာပေါ့"ဟု ပုသိမ်မြို့မှ ဒေသခံ ကုန်သည် ဒေါ်ဌေးရီက မှတ်ချက်ပေးသည်။
ခရီးသည် ၇၂ ဦး
လေယာဉ်ခရီးစဉ်သစ်တွင် ခရီးသည် ၇၂ ဦး တင်ဆောင်နိုင်သော ATR 72-600 လေယာဉ်အမျိုးအစားဖြင့် ပြေးဆွဲပေးမည် ဖြစ်သည်။















