မက္ကဆီကိုနိုင်ငံအလယ်ပိုင်းပူအဲဘလာပြည်နယ် အုပ်ချုပ်ရေးမှူးအသစ် မာသာအဲရီကာအလွန်ဆိုသည် ဒီဇင်ဘာ ၂၄ ရက်က ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ခင်ပွန်းသည် အထက်လွှတ်တော်အမတ် ရာဖေးလ်မိုရီနိုဗာလီနှင့်အတူ သေဆုံးခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးအသစ်အဖြစ် ဒီဇင်ဘာ ၁၄ ရက်ကမှ ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် အဲရီကာအလွန်ဆိုနှင့် ခင်ပွန်းတို့ လိုက်ပါသည့်ရဟတ်ယာဉ်သည် ပြည်နယ်မြို့တော်တွင် ပျံတက်ခဲ့ပြီး ၁၀ မိနစ်ခန့်၌ ပျက်ကျခဲ့ခြင်းဖြစ်၍ ရဟတ်ယာဉ်မှူးနှစ်ဦးနှင့် အခြားလိုက်ပါသူတစ်ဦးအပါအဝင် စုစုပေါင်းငါးဦးလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။
အဲရီကာအလွန်ဆိုသေဆုံးကြောင်း မက္ကဆီကိုသမ္မတသစ် အန်ဒရီ်စ် မန်နျူရယ် လိုပက်ဇ်အော်ဘရာဒါက အတည်ပြုခဲ့ပြီး ဝမ်းနည်းစာနာမှုကို ဖော်ပြခဲ့သည်။ လေကြောင်းမတော်တဆမှု အမှန်တရားကို စုံစမ်းစစ်ဆေးသွားမည် ဟုလည်း ပြောဆိုခဲ့သည်။ စုံစမ်းစစ်ဆေးမှုသည် နိုင်ငံရေးအရ အထိအခိုက်မခံ၍ အများစိတ်ဝင်စားလျက်ရှိသည်။
ဗဟိုလက်ဝဲ ပန်န်ပါတီဝင် အသက် ၄၅ နှစ်အရွယ်အဲရီကာအလွန်ဆိုသည် ဇူလိုင်ရွေးကောက်ပွဲတွင် သမ္မတ အော်ဘရာဒါကထောက်ခံသည့် မန်နျူရယ် ဘာဆိုဆာနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီးနောက် ကျဉ်းမြောင်းသည့် မဲကွာခြားချက်ဖြင့် အနိုင်ရကာပူအဲဘလာတွင် ပထမဆုံး အမျိုးသမီးပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ခင်ပွန်း ရာဖေးလ်မိုရီနိုဗာလီသည်လည်း ပူအဲဘလာတွင် အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၁ မှ ၂၀၁၇ အကြားထမ်းဆောင်ခဲ့ပြီး လက်ရှိ အတိုက်အခံနေရှင်နယ်အက်ရှင်ပါတီမှ ထင်ရှားသည့်အမတ်တစ်ဦးဖြစ်သည်။
ရဟတ်ယာဉ်သည် ပူအဲဘလာအခြေစိုက် ကုမ္ပဏီတစ်ခုပိုင် သြဂတ်စတာ ဝက်စ်လန်း အေဒဗလျူ ၁၀၉ အမျိုးအစားဖြစ်ပြီး မက္ကဆီကိုစီးတီးသို့ ဦးတည်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပူအဲဘလာလေဆိပ်မှ သုံးမိုင်ခွဲအကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
မက္ကဆီကိုတွင် လွန်ခဲ့သည့်နှစ်များအတွင်း ထင်ရှားသည့်ပုဂ္ဂိုလ်များ ရဟတ်ယာဉ်ပျက်ကျသေဆုံးမှုအချို့ ဖြစ်ပွားခဲ့ရာ ၂၀၁၁ ခုနှစ်က ပြည်ထဲရေးဝန်ကြီး ဖရန်စစ္စကိုဘလိတ်မိုရာလည်း အလားတူသေဆုံးခဲ့သည်။ ယခုနှစ် အစောပိုင်းကလည်း ဝန်ကြီးတစ်ဦးလိုက်ပါလာသည့်ရဟတ်ယာဉ် လူအုပ်ထဲပျက်ကျမှုကြောင့် ၁၃ ဦး သေဆုံးခဲ့ပြီး ၄င်းဝန်ကြီးမှာမူ ရှင်သန်လွတ်မြောက်ခဲ့သည်။


















