လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအပေါ် နီကာရာဂွာအစိုးရ တိုက်ခိုက်နေကြောင်း နာမည်ကြီးသတင်းသမားများပြော

လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအပေါ် နီကာရာဂွာအစိုးရ တိုက်ခိုက်နေကြောင်း နာမည်ကြီးသတင်းသမားများပြော

နီကာရာဂွာသမ္မတဒယ်နီယယ် အော်တီဂါဦးဆောင်သော အစိုးရသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို တိုက်ခိုက်နေပြီဖြစ်ကြောင်း အစိုးရကိုဝေဖန်လေ့ရှိသည့် နာမည်ကျော် သတင်းသမား ကာလို့စ် ဖာနန်ဒို ချာမောရိုက ဒီဇင်ဘာ ၂၄ ရက်တွင် ဝေဖန်ပြောဆိုလိုက်ပြီဖြစ်သည်။

အော်တီဂါ၏အစိုးရသည် ရုပ်သံဌာနတစ်ခုကို ပိတ်သိမ်းခဲ့ပြီး သတင်းသမားနှစ်ဦးအား အကြမ်းဖက်မှု၊ အမုန်းတရားဖြန့်ချိမှုတို့ဖြင့် ဖမ်းဆီးခဲ့ပြီး တရားသူကြီးတစ်ဦးကလည်း နောက်ထပ်သတင်းသမားသုံးဦးကို ဖမ်းဆီးရန် ညွှန်ကြားခဲ့သည်။

အစိုးရက သတင်းသမားတွေ ရာဇဝတ်မှုမကျူးလွန်ဘဲ ကျူးလွန်တယ်ဆိုပြီး လီဆည်စွပ်စွဲနေတာ၊ ပြောရရင် သတင်းသမားတစ်ဦးရဲ့ လုပ်ကိုင်မှုတွေကို ရာဇဝတ်မှုအဖြစ်ပုံဖော်နေတာပဲ ဟု ချာမောရိုကပြောဆိုခဲ့သည်။

လွန်ခဲ့သော ၁၀ ရက်တွင် ရဲတပ်ဖွဲ့ဝင်များက အွန်လိုင်းသတင်းဌာန ကွန်ဖီဒန်ရှယ်ကို ဝင်ရောက်စီးနင်းပြီး ရုပ်သံအစီအစဉ်များထုတ်လွှင်တင်ဆက်ရာတွင် အသုံးပြုသည့် ကိရိယာများကို သမ်းယူခဲ့ချိန်မှစ၍ ချာမောရိုသည် သတင်းများကို ပုန်းလျှိုးကွယ်လျှိုးတင်ဆက်ခဲ့ရခြင်းဖြစ်သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ချာမောရိုကပြောဆိုခဲ့သည်။ ချာမောရိုသည် သမ္မတဟောင်း ဗိုင်ယိုလက်တာ ဘာရီယိုစ်နှင့် ၁၉၇၀ ပြည့်နှစ်ကျော်ကာလများတွင် ယင်းအချိန်က အာဏာရှင် အနက်စတာလျှို ဆိုမေဇာကို ဝေဖန်သည့် သတင်းစာကြီးတစ်စောင်ကို စီမံခဲ့ပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ပက်ဒရို ဟောင်ကွင်း ချာမောရိုတို့၏သားဖြစ်သည်။

နီကာရာဂွာ၌ ပြည်တွင်းစစ်ဖြစ်ပွားချိန် ၁၉၈၀ ပြည့်နှစ်ကျော်ကာလများမှစ၍ အဆိုးရွားဆုံးဟုဆိုနိုင်သည့် အကျပ်အတည်းများဖြစ်ပွားနေသည်။ ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားနေပြီး အစိုးရကလည်း ယင်းဆန္ဒပြမှုများကို အင်အားသုံးနှိမ်နင်းခဲ့သည်။

ဆန္ဒပြမှုများအတွင်း လူ ၃၀ဝ ကျော်သတ်ဖြတ်ခံခဲ့ရပြီး ၅၀ဝ ကျော်ဖမ်းဆီးခံထားရကြောင်း အစိုးရက နာမည်ပျက်စာရင်းသွင်းထားသည့် နီကာရာဂွာလူ့အခွင့်အရေးဗဟိုဌာနက ထုတ်ပြန်ခဲ့သည်။ အသံလွှင့်ဌာန လေးခုနှင့် ရုပ်သံဌာနတစ်ခုတို့လည်း ပိတ်သိမ်းခံထားရပြီး ဂျာနယ်လစ်များစွာ ရိုက်နှက်ခံခဲ့ရသည်။

သတ်ဖြတ်မည်ဖြစ်ကြောင်း လူမှုမီဒီယာမှတစ်ဆင့် ခြိမ်းခြောက်ခံခဲ့ရသည်ဟု ချာမောရိုကပြောဆိုခဲ့သည်။