ရုပ်ဝတ္ထုပစ္စည်းကိုးကွယ်မှုကို စွန့်လွှတ်ပြီး ရိုးရှင်းစွာနေထိုင်ရန် ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ရုပ်ဝတ္ထုပစ္စည်းကိုးကွယ်မှုကို စွန့်လွှတ်ပြီး ရိုးရှင်းစွာနေထိုင်ရန် ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ခရစ္စမတ်ကာလအတွင်း လောဘကြီးမှု၊ အစာကျူးမှုနှင့် ရုပ်ဝတ္ထုပစ္စည်းကိုးကွယ်မှုများကို စွန့်လွှတ်ပြီး ရိုးရှင်းပြီး ပရဟိတအပေါ်အခြေခံကာ မေတ္တာတရားကြီးမားသော ဘဝဖြင့်သာ နေထိုင်ရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခရစ်ယာန်ဘာသာဝင်များအား ဒီဇင်ဘာ ၂၄ ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်။

ဖရန်စစ်သည် ဗာတီကန်ကျောင်းတော်ရှိ ရှင်ပေတရုဘုရားကျောင်း၌ ခရစ္စမတ်အကြိုမစ္ဆားတရားပွဲကိုကျင်းပခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် သခင်ယေရှုဖွားမြင်တော်မှုပုံအကြောင်းကို အဓိကထားဟောပြောခဲ့ပြီး ထာဝရဘုရားသခင်သည် ဆင်းရဲသားများ၏ရှေ့မှောက်တွင်သာ ကိုယ်ထင်ပြတတ်သော်လည်း လူများသည် ပိုင်ဆိုင်မှုများတွင်သာ ဘဝအဓိပ္ပါယ်ကိုရှာဖွေနေကြောင်း ပြောဆိုခဲ့သည်။

ဘဝ၏အာဟာရဆိုသည်မှာ ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှုမဟုတ်ဘဲ ချစ်ခြင်းမေတ္တာသာဖြစ်ကာ အစားကျူးခြင်းမဟုတ်ဘဲ ဝေမျှခြင်းသာဖြစ်ကာ ဂုဏ်မောက်ခြင်းမဟုတ်ဘဲ ရိုးရှင်းစွာနေထိုင်ခြင်းဖြစ်ကြောင်း ဖရန်စစ်ကပြောဆိုဲ့သည်။

အဆုံးမသတ်နိုင်သည့် လောဘကို လူ့သမိုင်းတစ်လျှောက်လုံးတွေ့ခဲ့ရပြီး ကြွယ်ဝချမ်းသာသူ လူနည်းစုက မကုန်နိုင်မခန်းနိုင်အောင် စားသောက်ပျော်ပါးနေချိန်တွင် အများစုမှာ နေ့စဉ်အသက်ရှင်ရန် ပေါင်မုန့်လေးကိုပင် ကျောကွဲလောက်အောင် ပင်ပန်းဆင်းရဲစွာဖြင့် ရှာဖွေနေရကြောင်း ၎င်းကပြောဆိုခဲ့သည်။

ဖရန်စစ်သည် ပုပ်ရဟန်းမင်းကြီးအဖြစ် ငါးနှစ်တာကာလအတွင်း ဆင်းရဲသားများ၊ အဖိနှိပ်ခံများ၊ ဒုက္ခသည်များနှင့် ခွဲခြားဆက်ခံရသူများဘက်မှရပ်တည်ခဲ့သည်။ လက်တင်အမေရိကဒေသမှ ပထမဆုံးပုပ်ရဟန်းမင်းဖြစ်လာသည့် ဖရန်စစ်သည် ရောမမြို့တစ်ဝိုက်ရှိ အိမ်ခြေရာမဲ့များကို စောင့်ရှောက်ရန် ဗာတီကန်ကျောင်းတော်ကို ညွှန်ကြားထားသည်။ ဗာတီကန်ကျောင်းတော်သည် ရှင်ပေတရုရင်ပြင်တစ်ဝိုက်တွင် အိမ်ခြေရာမဲ့များအတွက် ဆံပင်ညှပ်ဆိုင်၊ ရေချိုးခန်းနှင့် ဆေးပေးခန်းတို့ကို ဖွင့်လှစ်ပေးထားသည်။

ခရစ္စမတ်ကာလအတွင်း မေတ္တာတရားကိုပြသနိုင်ရန် ဖရန်စစ်သည် အီရတ်နိုင်ငံရှိ အဖိနှိပ်ခံ ခရစ်ယာန်ဘာသာဝင်များနှင့်အတူ ခရစ္စမတ်ပွဲကိုကျင်းပနိုင်ရန် ၎င်းယုံကြည်စိတ်ချသည့် ဗာတီကန်နိုင်ငံခြားရေးတာဝန်ခံ ကာဒီနယ် ပေထရိုပါရိုလင်ကို ယင်းနိုင်ငံသို့ စေလွှတ်ခဲ့သည်။

အီရတ်၌ အိုင်အက်စ်အဖွဲ့အင်အားကြီးမားစဉ်က ကက်သလစ်ဘာသာဝင်များအပါအဝင် ဘာသာရေးလူနည်းစုဝင်များ ပစ်မှတ်ထားခြင်းခံခဲ့ရသည်။