မတရားသဖြင့်သေဆုံးခဲ့ရသူ အမေရိကန်ကောလိပ်ကျောင်းသားအတွက် ပြုံယမ်းက ဒေါ်လာသန်း ၅၀ဝ ကျော် ပေးလျော်ရန် ကန်တရားရုံးချမှတ်

မတရားသဖြင့်သေဆုံးခဲ့ရသူ အမေရိကန်ကောလိပ်ကျောင်းသားအတွက် ပြုံယမ်းက ဒေါ်လာသန်း ၅၀ဝ ကျော် ပေးလျော်ရန် ကန်တရားရုံးချမှတ်

မတရားသဖြင့် သေဆုံးခဲ့ရသူ အမေရိကန်ကောလိပ်ကျောင်းသား အော်တို ဝမ်ဘီယာအတွက် ၄င်း၏မိဘများသို့ ပြုံယမ်းမှမြောက်ကိုရီးယားအစိုးရက လျော်ကြေး အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ပေးလျော်ရန် အမေရိကန်တရားရုံး တစ်ရုံးက အမိန့်ချမှတ်ခဲ့သည်။

မြောက်ကိုရီးယားတွင် ဖမ်းဆီးခံခဲ့ရသည့် ဝမ်ဘီယာသည် လွန်ခဲ့သည့်နှစ်က ပြန်လည်လွတ်မြောက်လာပြီးမကြာမီ အမေရိကန်တွင် သေဆုံးခဲ့သည်။

မြောက်ကိုရီးယားတို့သည် အသက် ၂၂ နှစ်အရွယ် သားဖြစ်သူကို ပြန်ပေးဆွဲပြီး ရိုင်းစိုင်းစွာ နှိပ်စက်ညှင်းပန်းခဲ့ကြောင်း ဝမ်ဘီယာ့မိဘများ၏ စွပ်စွဲမှုကို ခရိုင်တရားသူကြီး ဘီရဲလ်ဟောင်းဝဲလ်က သဘောတူညီခဲ့ပြီး မြောက်ကိုရီးယားတို့ကို ပြစ်တင်ရှုတ်ချခဲ့သည်။ ဝမ်ဘီယာမိသားစုအတွက် ဆေးကုသစရိတ်၊ စီးပွားရေးဆုံးရှုံးမှုနှင့် ပြင်းထန်စွာ နာကျင်ခံစားမှုတို့အတွက် ကာမိရန် များပြားလှသည့်လျော်ကြေးရသင့်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဗာဂျီးနီးယားတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ဝမ်ဘီယာသည် ခရီးသွားအုပ်စုတစ်ခုနှင့်အတူ မြောက်ကိုရီးယားသို့ ငါးရက်ကြာရောက်ရှိလည်ပတ်ခဲ့ရာမှ အဖမ်းခံခဲ့ရပြီး ဝါဒဖြန့်ပိုစတာတစ်ခု ခိုးယူခဲ့မှုသံသယဖြင့် ၂၀၁၆ ခုနှစ်မတ်လတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည်။ ၄င်းသည် ကိုးမားဝင်မေ့မျောလျက် ပြန်လည်လွတ်မြောက်လာပြီးမကြာမီ ၂၀၁၇ ခုနှစ် ဇွန်လ၌ သေဆုံးခဲ့သည်။

ပြုံယမ်းအစိုးရသည် ထိုစဉ်က ဆက်ဆံရေးတင်းမာနေသည့် အမေရိကန်နှင့် ရင်ဆိုင်ရန် ဝမ်ဘီယာကို နယ်ရုပ်သဖွယ်အသုံးချခဲ့ကြောင်း၊ ခရီးထွက်စဉ်က ကျန်းမာပျော်ရွှင်နေသည့် ဝမ်ဘီယာသည် အမေရိကန်သို့ ပြန်လည် လွှဲပြောင်းပေးစဉ် မျက်မမြင်၊ နားမကြားနှင့် ဦးနှောက်သေဆုံးနေခဲ့ကြောင်း တရားသူကြီး ဟောင်းဝဲလ်က ပြောဆိုခဲ့သည်။

ယခုဆုံးဖြတ်ချက်သည် ဝမ်ဘီယာ့မိဘများအတွက် အမှတ်သညာအရအောင်ပွဲတစ်ခုသာဖြစ်ပြီး လျော်ကြေးငွေ အမှန်တစ်ကယ်ရရှိရန် လုပ်ထုံးလုပ်နည်းမရှိချေ။

မြောက်ကိုရီးယားတို့ကမူ နှိပ်စက်မှုမပြုခဲ့ဟု ငြင်းဆိုခဲ့ပြီး ဝမ်ဘီယာသည် အစာကြောင့် ဗက်တီးရီးယားပိုး အဆိပ်သင့်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ကျွမ်းကျင်သူများက ယင်းဆင်ခြေအတွက် သက်သေမရှိကြောင်း ပြောဆိုခဲ့သည်။