ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းရှာရစ်ဖ် ခြစားမှုဖြင့် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံရ

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းရှာရစ်ဖ် ခြစားမှုဖြင့် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံရ

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ်ရှာရစ်ဖ်အား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးခုံရုံးက အကျင့်ပျက်ခြစားမှုဖြင့် ဒီဇင်ဘာ ၂၄ ရက်တွင် ထောင်ဒဏ်ခုနစ်နှစ်ချမှတ်လိုက်ပြီဖြစ်သည်။

ယမန်နှစ်တွင် ရှာရစ်ဖ်သည် အကျင့်ပျက်ခြစားမှုဆိုင်ရာစွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှးခံခဲ့ရသည်။ ယင်းအချိန်က ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက်တာဝန်ထမ်းဆောင်နေသည့် ရှာရစ်ဖ်က နိုင်ငံရေးအရ နာမည်ဖျက်ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရှာရစ်ဖ်သည် ဝင်ငွေအရင်းအမြစ်များထက်ကျော်လွန်သည့် ပိုင်ဆိုင်မှုများရှိနေကြောင်း စွပ်စွဲခံထားရသည်။ ခုံရုံးက စီရင်ချက်ချမှတ်ပြီးနောက်တွင် ရှာရစ်ဖ်ကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ပါဗက်ဇ် မူရှာရက်ဖ်ခေါင်းဆောင်သော စစ်တပ်က ရှာရစ်ဖ်၏အစိုးကိုဖြုတ်ချခဲ့ပြီးနောက် ရှာရစ်ဖ်နှင့် မိသားစုသည် ဆော်ဒီအာရေဗျသို့ သွားရောက်ခဲ့ကာ အယ်လ်-အဇီဇီယာသံမဏိလုပ်ငန်းကိုတည်ထောင်ခဲ့သည်။ ယင်းသံမဏိလုပ်ငန်းကို တည်ထောင်ခဲ့သည့် ဝင်ငွေအရင်းအမြစ်ကိုထုတ်ဖော်ပြောဆိုရန် ပျက်ကွက်မှုဖြင့် ရှာရစ်ဖ်အား ခုံရုံးက ဒဏ်ငွေ ဒေါ်လာ ၂၅ သန်းချမှတ်ခဲ့သည်။ ရှာရစ်ဖ်သည် ယခုဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့်ရှိနေသည်။

ဗြိတိန်ရှိ ရှာရစ်ဖ်မိသားစုပိုင်စီးပွားရေးလုပ်ငန်းနှင့်ဆက်စပ်သော ဒုတိယအမှုတွင်မူ ခုံရုံးက ၎င်းကို ကွင်းလုံးကျွတ်လွှတ်ပေးခဲ့သည်။

ရှာရစ်ဖ်သည် မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင် အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ ခုံရုံး၏ ဒုတိယအမှုနှင့်ပတ်သက်သော ဆုံးဖြတ်ချက်ကို အယူခံဝင်မည်ဖြစ်ကြောင်း ပါကစ္စတန်အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကပြောဆိုခဲ့သည်။

စစ်မြို့ဖြစ်သည့် ရာဝယ်ပင်ဒီ၌ ချုပ်နှောင်ခံခဲ့ရပြီးနောက် ရှာရစ်ဖ်၏တောင်းဆိုမှုအရ ဒီဇင်ဘာ ၂၅ ရက်တွင် ၎င်းအား လာဟိုးရှိ အကျဉ်းထောင်သို့ပို့ဆောင်ခဲ့သည်။ ပိုင်ဆိုင်မှုအရင်းအမြစ်များကို ဖွင့်ချရန် ပျက်ကွက်ခဲ့သည့် ရှာရစ်ဖ်၏မျက်နှာဖုံးကွာကျသွားပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဖာဝတ် ချောက်ဒရီက ပြောဆိုခဲ့သည်။

ရှာရစ်ဖ်သည် လန်ဒန်၌ တန်ဖိုးကြီးတိုက်ခန်းများကို တရားမဝင်ဝယ်ယူခဲ့မှုဖြင့် ဇူလိုင်တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပြီးဖြစ်သည်။ ရှာရစ်ဖ်သည် ယင်းစီရင်ချက်ကို အယူခံဝင်ခဲ့ပြီး စက်တင်ဘာတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။