တူရကီနောက်ခံပြု တိုက်ခိုက်ရေးသမားများ ဆီးရီးယား၌ ရုပ်သိမ်းတော့မည့် အမေရိကန်တပ်များနေရာတွင် ဝင်ယူရန်ပြင်နေ

တူရကီနောက်ခံပြု တိုက်ခိုက်ရေးသမားများ ဆီးရီးယား၌ ရုပ်သိမ်းတော့မည့် အမေရိကန်တပ်များနေရာတွင် ဝင်ယူရန်ပြင်နေ

တူရကီကျောထောက်နောက်ခံပြုသည့် တိုက်ခိုက်ရေးသမားများသည် ဆီးရီးယားအရှေ့ပိုင်းတွင် ရုပ်သိမ်းတော့မည့် အမေရိကန်တပ်များနေရာတွင် အစားထိုးဝင်ရောက်ရန် ပြင်ဆင်နေပြီဖြစ်သည်။

အမေရိကန်တပ်များသည် ဆီးရီးယားရေနံထုတ်လုပ်မှု၏သုံးပုံတစ်ပုံထွက်ရှိရာ အရှေ့ဖျားဒေသမှ ထွက်ခွာမည် ဖြစ်ပြီး လက်ရှိတွင် ယင်းဒေသကို အမေရိကန်ထောက်ခံခဲ့သော် ကာ့ဒ်တို့ ဦးဆောင်သည့်တပ်က ထိန်းချုပ်ထားသည်။

ဆီးရီးယားကာ့ဒ်တို့ကို တူရကီက ၄င်းတို့ပြည်တွင်းကာ့ဒ်သောင်းကျန်းမှုနှင့် ဆက်နွယ်သူများအဖြစ် စွပ်စွဲထားသည်။

ယင်းကြောင့် အမေရိကန်ဆုတ်ခွာသွားပါက ဆီးရီးယားကာ့ဒ်တို့သည် ဆီးရီးယားအစိုးရ၊ အိုင်အက်စ်နှင့် တူရကီတို့ကို စစ်မျက်နှာသုံးခု ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း အေပီက ဖော်ပြခဲ့သည်။

တူရကီထောက်ပံ့သည့် ဆီးရီးယားအတိုက်အခံအုပ်စု ပြောခွင့်ရ ယူဆက်ဖ်ဟမ်မွတ်က ၄င်းတို့၏ လေ့ကျင့်ပြီး တိုက်ခိုက်ရေးသမား ၁၅၀ဝ၀ ကို တူရကီတပ်များနှင့်ယှဉ်တွဲဖြန့်ချထားရန် အသင့်ရှိကြောင်း၊ တူရကီတို့ကို ယှဉ်နိုင်သူ ရှိမည်မဟုတ်ကြောင်း၊ အိုင်အက်စ်တို့ကို တိုက်ခိုက်ရန်အသင့်ရှိကြောင်း ပြောဆိုခဲ့သည်။

ဆီးရီးယားကာ့ဒ်ပြောခွင့်ရ အီလ်ဟမ်အာမက်ကလည်း ကာ့ဒ်ဦးဆောင်သည့်တပ်ဖွဲ့များသည် မဟာမိတ်သစ်အဖြစ် အလားအလာရှိသူများနှင့် ပေါင်းစည်းမိနေပြီဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်ရေးကာကွယ်ရန် မည်သူနှင့်မဆို ဆက်သွယ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၄င်းတို့၏တပ်ဖွဲ့များသည် အမေရိကန်၏ပြိုင်ဘက်ဖြစ်သည့် ရုရှား၊ ဆီးရီးယား၊ ဥရောပနိုင်ငံများနှင့် ဆွေးနွေးနေကြောင်းလည်း ပြောဆိုခဲ့သည်

ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရသူ ရေတပ်ဗိုလ်မှူးကြီး ရှောင်ရောဘတ်ဆန်က ဆီးရီးယားမှ အမေရိကန်တပ်များ ရုပ်သိမ်းရန်အမိန့် လက်မှတ်ရေးထိုးထားကြောင်း ပြောဆိုသော်လည်း အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိပေ။ တူရကီသမ္မတ ပြောခွင့်ရ အီဘရာဟင် ခါလင်က အမေရိကန်စစ်ဘက်ကိုယ်စားလှယ်အဖွဲ့သည် တူရကီသို့ ယခုအပတ်တွင်း ရောက်ရှိရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။<

တူရကီကလည်း ၄င်းနှင့် ဆီးရီးယားရှိ အာရပ်မဟာမိတ်များသည် အမေရိကန်တို့နေရာ အစားထိုးဝင်ယူပြီး အိ်ုင်အက်စ်တို့ ခေါင်းပြန်ထောင်မလာရန် ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။