အင်ဒိုနီးရှား ဆူနာမီကြောင့် သေဆုံးသူ ၄၀ဝ ကျော်လာ ခရစ္စမတ်ကာလကို ဝမ်းနည်းအထိမ်းအမှတ်ဖြင့် ဖြတ်သန်းရဦးမည်

အင်ဒိုနီးရှား ဆူနာမီကြောင့် သေဆုံးသူ ၄၀ဝ ကျော်လာ ခရစ္စမတ်ကာလကို ဝမ်းနည်းအထိမ်းအမှတ်ဖြင့် ဖြတ်သန်းရဦးမည်

အင်ဒိုနီးရှားနိုင်ငံ ကျွန်းစုအချို့ကို ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက ဆူနာမီလှိုင်းများ ရုတ်တရက် ဝင်ရောက်မှုကြောင့် သေဆုံးသူဦးရေသည် ၄၂၉ ဦးထိ ရှိသွားပြီဖြစ်ကာ ဒဏ်ရာရသူ ဦးရေသည်လည်း ၁၄၀ဝ ဦးထိရှိလာကြောင်း သိရသည်။

ဂျာဗားကျွန်း အနောက်ပိုင်းနှင့် ဆူမားတြားကျွန်း တောင်ပိုင်းတို့သို့ ဆူနာမီလှိုင်းများ ဝင်ရောက်ရိုက်ခတ်မှုကြောင့် ပြည်သူ ထောင်ချီပြီး အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဒီဇင်ဘာ ၂၅ ရက်ထိ သေဆုံးစာရင်းသည် ၄၂၉ ဦးဖြစ်ပြီး ၁၂၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှား သဘာဝဘေး စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖူတိုပို ပါဝိုက ပြောသည်။

ဆူနာမီကြောင့် အပျက်အစီးများ စုပုံနေသည့် ကမ်းခြေများတစ်လျှောက် စစ်တပ်များ၊ အစိုးရ ရှာဖွေကယ်ဆယ်ရေး ဝန်ထမ်းများ၊ ပရဟိတသမားများ စုပေါင်းကာ သက်ရှင်ကျန်ရစ်သူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာဖွေလျက်ရှိသည်။

ခရစ္စမတ်ကာလကိုလည်း သေဆုံးသူများအတွက် ဝမ်းနည်းဆုတောင်းမှုများဖြင့် ငြိမ်သက်စွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။ ဆူနာမီလှိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရသည့် ကာရီတာဒေသရှိ ရာမတ် ပန်တီကိုစတယ် ဘုရားကျောင်းသည်လည်း ခရစ္စမတ်ကာလကို ပျော်ရွှင်ဖွယ် တေးသီချင်းများဖြင့် မဆင်နွှဲဘဲ ငြိမ်သက်စွာသာ ဆင်နွှဲခဲ့ကြောင်းလည်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ ခရစ်ယာန်ဘုရားကျောင်းများသည်လည်း ခရစ္စမတ်ကာလတွင် ဆူနာမီကြောင့် သေဆုံးရသူများအတွက် ဆုတောင်းပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။