အသက် ၇ နှစ်ရောက်သည့်တိုင် ဆန်တာကလော့ကို ယုံကြည်နေမှု ဉာဏ်နုံရာရောက်သည်ဟု ကလေးတစ်ယောက်ကို သမ္မတထရမ့် ခနဲ့

အသက် ၇ နှစ်ရောက်သည့်တိုင် ဆန်တာကလော့ကို ယုံကြည်နေမှု ဉာဏ်နုံရာရောက်သည်ဟု ကလေးတစ်ယောက်ကို သမ္မတထရမ့် ခနဲ့

ခရစ္စမတ်ကာလတွင် ကလေးများကို လက်ဆောင်လိုက်ပေးသော ခရစ္စမတ်ဘိုးဘိုး ဆန်တာကလော့ ကမ္ဘာ့မည်သည့်နေရာ ရောက်နေသနည်းဟု ကလေးများက ဖုန်းဆက်မေးမှုကို ခရစ္စမတ်အကြိုရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတကတော် မယ်လာနီယာ တို့က လက်ခံဖြေကြားခဲ့ရာ၌ အသက် ၇ နှစ်ရောက်လာသည့်တိုင် ခရစ္စမတ်ဘိုးဘိုးကို ယုံကြည်နေသေးခြင်းသည် ဉာဏ်နုံရာရောက်သည်ဟု သမ္မတ ထရမ့်က ခနဲ့ခဲ့သည်။

ဖုန်းလက်ခံဖြေကြားရာတွင် မေးမြန်းသူ အသက် ၇ နှစ်အရွယ် ကလေးကို သမ္မတ ထရမ့်က “ခရစ္စမတ်ဘိုးဘိုးကို ယုံကြည်လား။ အသက် ၇ နှစ် ရောက်နေတာတောင် ယုံနေတုန်းဆိုရင်တော့ ဉာဏ်နုံရာ ရောက်နေပြီနော်” ဟု သမ္မတ ထရမ့်က ခနဲ့ကာ ဖြေကြားခဲ့ကြောင်း သိရသည်။

သမ္မတကတော် မယ်လာနီယာ ထရမ့်သည်လည်း ကလေးတစ်ယောက်က  ခရစ္စမတ်ဘိုးဘိုး ဘယ်ရောက်နေသနည်းဟု မေးမြန်းသည်တွင် ဆာဟာရ သဲကန္တာရဘက် ရောက်နေသည်ဟု ဖြေကြားခဲ့ပြန်ကြောင်း သိရသည်။

ခရစ္စမတ်ဘိုးဘိုးသည် အမေရိကန်နှင့် ဝေးလှသော မော်ရိုကိုနိုင်ငံဘက် ရောက်နေကြောင်း၊ သို့သော် ခရစ္စမတ်  နံနက်ခင်းတွင်  ကလေး၏ အိမ်ပေါက်ဝ တံခါးလာခေါက်လိမ့်မည်ဖြစ်ကြောင်း မစ္စစ် ထရမ့်က  ဖြေကြားခဲ့သည်။

ကလေးများကို လက်ဆောင်များ လိုက်ပေးသည့် ခရစ္စမတ်ဘိုးဘိုး ဘယ်ရောက်နေသလဲဟု ကလေးများနှင့်အတူ ခြေရာခံရခြင်းကို သဘောကျကြောင်း မစ္စစ် ထရမ့်က တွစ်တာတွင် ရေးသားထားသည်။

သမ္မတထရမ့်မိသားစုသည် ခရစ္စမတ် အားလပ်ရက်တွင် ဖလော်ရီဒါသို့ အပန်းဖြေခရီးထွက်ရန်  စီစဉ်ထားသော်လည်း အစိုးရဘတ်ဂျက်ခွဲတမ်း လွှတ်တော်သဘောတူချက် မရသဖြင့် အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းနေသည့်အတွက် သမ္မတထရမ့်သည် အပန်းဖြေခရီးစဉ်ကို ဖျက်သိမ်းထားကြောင်းလည်း သိရသည်။