ဆာမတ်ပရာခန်နှင့် ကျော်ကိုကို ဇန်နဝါရီ၌ အပြီးသတ်စာချုပ် ချုပ်မည်

ဆာမတ်ပရာခန်နှင့် ကျော်ကိုကို ဇန်နဝါရီ၌ အပြီးသတ်စာချုပ် ချုပ်မည်

ထိုင်းပရီးမီးယားလိဂ်ကလပ် ဆာမတ်ပရာခန်အသင်းသို့ အပြီးသတ် ပြောင်းရွှေ့နိုင်ရန်အတွက် ထိုင်းနိုင်ငံ၌ ဆေးစစ်မှုများ ခံယူလျက်ရှိ သော တိုက်စစ်မှူးကျော်ကိုကိုသည် အပြီးသတ်စာချုပ်ကို လာမည့်နှစ် ဇန်နဝါရီ၌ ချုပ်ဆိုဖွယ်ရှိနေကြောင်း သိရသည်။

ပူးတွဲလေ့ကျင့်

ဆာမတ်ပရာခန်အသင်းနှင့် အကြိုသဘောတူညီမှုရရှိထားသည့် တိုက်စစ်မှူး ကျော်ကိုကိုသည် နောက်ဆုံးအဆင့် ဆေးစစ်မှုများပြုလုပ် ရန် ဒီဇင်ဘာ ၂၄ ရက်က ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သည်။ "ဆာမတ် ပရာခန် အသင်းနဲ့အတူ ပူးတွဲလေ့ကျင့်မှုတွေ လုပ်ဖို့ရှိပါတယ်။ အဲဒီလို မလုပ်ခင်အသင်းရဲ့ ကြံ့ခိုင်ရေးနည်းပြနဲ့ပဲ နှစ်ဦးတည်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆေးစစ်မှုတွေတော့ ပြုလုပ်ပြီးပေမယ့် ခြေထောက် သန်မာဖို့ နည်းနည်းလိုသေးတယ်။ အခု နောက်ဆုံးစစ်ဆေးမှုအနေနဲ့ အသင်းနဲ့အတူ ပူးတွဲလေ့ကျင့်နိုင်လားဆိုတာကို ကလပ်ဘက်က စောင့်ကြည့်မယ်။ အဆင်ပြေပြီဆိုတာနဲ့ ဇန်နဝါရီမှာ အပြီးသတ်စာချုပ် မှာပါ"ဟု ကျော်ကိုကိုက ပြောဆိုခဲ့သည်။

ယုံကြည်ထား

လက်ရှိအချိန်တွင် ကျော်ကိုကိုသည် ခြေထောက်ကြံ့ခိုင်မှုအနေ အထားကို အားရကျေနပ်လျက်ရှိပြီး မကြာမီကြံ့ခိုင်မှုအပြည့်ဖြင့် ကစား နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ "ခြေထောက်အခြေအနေ တိုးတက် မှုက တစ်ပတ်ထက်တစ်ပတ် သိသာလာပါတယ်။ တစ်လလောက်ဆိုရင် လူကောင်းပကတိလို ပြန်ကစားနိုင်မယ်လို့ ယုံကြည်ထားပါတယ်"ဟု ၎င်းက ပြောဆိုခဲ့သည်။

ကျော်ကိုကိုသည် ၂၀၁၈ ဘောလုံးရာသီက ထိုင်းကလပ် ချင်းရိုင် ယူနိုက်တက်တွင် တစ်နှစ်အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ပြီး ဒူးဒဏ်ရာပြဿနာဖြင့် အနားယူနေခဲ့ရာမှ ယခုအခါ ပြန်လည်ကောင်း မွန်လာပြီဖြစ်သည်။ ဆာမတ်ပရာခန်မှာ ကျော်ကိုကို၏ ဒဏ်ရာကောင်း မွန်မှုအခြေအနေကို သုံးသပ်၍ စာချုပ်ချုပ်ဆိုဖွယ်ရှိနေပြီး ရာနှုန်းပြည့် ကောင်းမွန်ခြင်းမရှိပါက ပြောင်းရွှေ့ကြေးနှင့် လစာကို ညှိနှိုင်းကန့် သတ်ဖွယ်ရှိနေသည်။



ဖတ်ရှုမှုအများဆုံး