ရွှေ့ပြောင်းကလေးငယ်တစ်ဦး အမေရိကန်အစိုးရ၏ချုပ်နှောင်ခံထားရစဉ်သေဆုံး ဒုတိယမြောက်ကလေးငယ်သေဆုံးခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးပေးရန်တောင်းဆို

ရွှေ့ပြောင်းကလေးငယ်တစ်ဦး အမေရိကန်အစိုးရ၏ချုပ်နှောင်ခံထားရစဉ်သေဆုံး ဒုတိယမြောက်ကလေးငယ်သေဆုံးခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးပေးရန်တောင်းဆို

ဂွာတီမာလာနိုင်ငံမှ အမေရိကန်နယ်စပ် သို့ရောက်ရှိလာပြီး အမေရိကန်အစိုးရ၏ချုပ် နှောင်ခံထားရစဉ်အတွင်း အသက်ရှစ်နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးခဲ့ကြောင်း တက္ကဆပ်ပြည်နယ်အာဏာပိုင်များက ပြောဆို ခဲ့သည်။

သေဆုံး

ကလေးအမည်မှာ ဖိလစ်ပဲအလွန်ဇို-ဂိုမက်ဇ် ဖြစ်ကြောင်း တက္ကဆပ်ပြည်နယ်လွှတ်တော်အမတ်တစ်ဦးက ပြောဆိုခဲ့သည်။ ယခုလ အတွင်း အမေရိကန်အစိုးရ၏ ချုပ်နှောင် ခံထားရစဉ်အတွင်း ရွှေ့ပြောင်းကလေးငယ် နှစ်ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ ဦးဆုံးသေဆုံးခဲ့ သည့်ကလေးမှာ ဂွာတီမာလာနိုင်ငံမှ အသက် ခုနစ်နှစ်အရွယ် ဟာကဲလင်ကာယယ်ဖြစ်ပြီး ၎င်းသည် ချုပ်နှောင်ခံထားရပြီး နာရီအနည်း ငယ်အကြာတွင် သေဆုံးခဲ့သည်။

ယခုကလေးငယ်သေဆုံးမှုနှင့်ပတ်သက်၍ ကွန်ဂရက်စ်က စုံစမ်းစစ်ဆေးပေးရန် တက္ကဆပ် ပြည်နယ်လွှတ်တော်အမတ် ဟောင်ကွင်းကက် စရိုက တောင်းဆိုခဲ့သည်။ ရွှေ့ပြောင်းနှင့်ခိုလှုံ သူများအား လူသားဂုဏ်သိက္ခာနှင့်အညီဆက် ဆံရမည်ဖြစ်ပြီး အမေရိကန်အစိုးရ၏ချုပ်နှောင် ထားခြင်းကို ခံထားရစဉ်အတွင်း မည်သူ့ကို မဆို ကျန်းမာရေးစောင့်ရှောက်မှုပေးရမည်ဖြစ် ကြောင်း ကက်စရိုက ပြောဆိုခဲ့သည်။

လက်ရှိအစိုးရက ရွှေ့ပြောင်းများကိုနှင် ထုတ်နေမှုကြောင့် မိသားစုများနှင့် ကလေး များအတွက်အန္တရာယ်ရှိလာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။ ဗဟိုအမေရိကမှ ရွှေ့ပြောင်းထောင်ပေါင်းများစွာသည် အမေ ရိကန်နယ်စပ်သို့ ထွက်ခွာလာခဲ့ပြီးဖြစ်သည်။ ဂွာတီမာလာ၊ ဟွန်ဒူရပ်စ်နှင့် အယ်လ်ဆာဗေဒေါ အစရှိသည့်မိခင်နိုင်ငံများတွင် ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှုနှင့်ဖိနှိပ်မှုများကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေးရခြင်းဖြစ်ကြောင်း ရွှေ့ပြောင်း များက ပြောဆိုခဲ့သည်။

ယခုကလေးငယ်သည် ဒီဇင်ဘာ ၂၅ ရက် သန်းခေါင်ကျော်အချိန်တွင် သေဆုံးခဲ့ကြောင်း အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ် ရေးဌာနက ပြောဆိုခဲ့သည်။

ဝေဖန်

အမေရိကန်အစိုးရ၏ ရွှေ့ပြောင်းဆိုင်ရာ တင်းကျပ်သောမူဝါဒနှင့်ပတ်သက်၍ ဝေဖန် မှုများရှိနေပြီဖြစ်သည်။ လွန်ခဲ့သောလတွင် အမေရိကန်နယ်စပ်လုံခြုံရေးများသည် ကလေး ငယ်များအပါအဝင်ရွှေ့ပြောင်းများအား မျက် ရည်ယိုဗုံးသုံးကာ လူစုခွဲခဲ့သည်။