နိုင်ငံတကာဝေလငါးကော်မရှင်နှင့် အမြင်ချင်းမတူညီသောကြောင့် ကော်မရှင်အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မည်ဖြစ်ပြီး စီးပွားဖြစ် ဝေလငါးဖမ်းမှုများကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စီးပွားရေးဇုန်
ဂျပန်သည် အန္တာတိကနှင့် အနောက်မြောက်ပစိဖိတ်သမုဒ္ဒရာများ တွင် ဝေလငါးဖမ်းမည်မဟုတ်ဘဲ ဂျပန်ရေပိုင်နက်နှင့် ဂျပန်ကမ်းရိုးတန်း တစ်လျှောက် မိုင် ၂၀ဝ ရှိ စီးပွားရေးဇုန်တို့တွင်သာ ဝေလငါးဖမ်းမည် ဖြစ်ကြောင်း ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ်ယိုရှီဟီဒဲဆူဂါက ပြောဆိုခဲ့ သည်။ သိပ္ပံအထောက်အထားများအပေါ်အခြေခံကာ ရေနေသတ္တဝါ အရင်းအမြစ်များကို မထိခိုက်စေသည့်မူဝါဒနှင့်အညီ ဝေလငါးဖမ်းမှုကို နှစ် ၃၀ ကြာရပ်ဆိုင်းထားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဇူလိုင်မှစတင်ကာ စီးပွားဖြစ်ဝေလငါးဖမ်းမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း ဆူဂါကပြောဆို ခဲ့သည်။ ကော်မရှင်ရှိနိုင်ငံများကြား အမြင်ချင်းကွဲပြားမှုကြောင့် ယခု ကဲ့သို့ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
ပိတ်ပင်
ဝေလငါးကောင်ရေလျော့ကျလာမှုကြောင့် ကော်မရှင်သည် ၁၉၈၀ ပြည့်နှစ်ကျော်ကာလများတွင် စီးပွားဖြစ်ဝေလငါးဖမ်းမှုကို ပိတ်ပင်ခဲ့သည်။ သို့သော် ဂျပန်သည် သိပ္ပံသုတေသနအတွက် ဝေလငါးဖမ်းခြင်းဖြစ် ကြောင်းပြောဆိုခဲ့ပြီး ဝေလငါးကောင်ရေပြန်တက်လာသောကြောင့် စီးပွားဖြစ်ဝေလငါးဖမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ရေနေသတ္တဝါကောင်ရေသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ငါးအလွန်အကျွံမျှားမှုများကြောင့် လျော့ကျနေပြီဖြစ်ပြီး ဂျပန်ဆုံးဖြတ် ချက်ကိုရှုတ်ချပါကြောင်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားနေသည့် ဂရင်းပိစ်က ထုတ်ပြန်ခဲ့သည်။ ဂျပန်သည် ဝေလငါးဖမ်းခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်သော်လည်း နိုင်ငံတကာ၏ကန့်ကွက် မှုနှင့် နိုင်ငံတွင်းဝယ်လိုအားနည်းလာမှုတို့ကြောင့် ဖမ်းဆီးမှုပမာဏကို လျှော့ချခဲ့သည်။

















