အစ္စရေးတိုက်လေယာဉ်များသည် ဒီဇင်ဘာ ၂၅ ရက် ညပိုင်းကဆီးရီးယားနယ်မြေအတွင်းရှိ လက်နက်တိုက်များက တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဆီးရီးယားစစ်ဘက်ကထုတ်ပြန်ကြေညာသည်။
ဆီးရီးယားစစ်ဘက်အရာရှိများက နိုင်ငံပိုင်မီဒီယာသို့ ထုတ်ပြန်အသိပေးချက်အရ လက်နက်တိုက်တစ်လုံးထိမှန်ခဲ့ကာ၊ စစ်သည် သုံးဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဒုံးကျည် အများစုကို ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်းလည်းဆီးရီးယားစစ်ဘက်ကထုတ်ပြန်သည်။
အစ္စရေးစစ်ဘက်ကမူလေကြောင်းတိုက်ခိုက်မှုကိုအတည်ပြုခြင်းမရှိ။ ဆီးရီးယားဒုံးကျည်တစ်စင်းနယ်ကျော်ဝင်ရောက်လာမှုကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ်ဖွင့်လှစ် ကာကွယ်ခဲ့ရကြောင်းသာ ထုတ်ပြန်ခဲ့သည်။ အစ္စရေးနယ်မြေတွင် ထိခိုက်သေဆုံးမှု မရှိဟုလည်းဆက်လက်ထုတ်ပြန်ခဲ့သည်။
ဆီးရီးယား နိုင်ငံပိုင်မီဒီယာဆာနာက ရုပ်သံထုတ်ပြန်ချက်အရဒီဇင်ဘာ ၂၅ ညပိုင်းတွင် ဒမတ်စကတ်မြို့ ဝေဟင်၌ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချမှုကြောင့် မီးပွင့်ကြီးဖြစ်ကာ ပေါက်ကွဲသံများထွက်ပေါ်လာသည်ကို တွေ့ရသည်။ အစ္စရေးသည် ဆီးရီးယားနယ်မြေအတွင်းရှိ အီရန်နှင့်ဟစ်ဇဘိုလာပစ်မှတ်များကို အစ္စရေးလုံခြုံရေးဆူးညှောင့်များအဖြစ် သတ်မှတ်ကာ မကြာမကြာပစ်ခတ်ချေမှုန်းလေ့ရှိပြီး ပစ်ခတ်ကြောင်းကိုဝန်ခံမှု နည်းပါးကြောင်းလည်း တွေ့ရသည်။

















