တူနီးရှား၌ သတင်းသမားတစ်ဦး မီးရှို့သတ်သေခဲ့ပြီးနောက် ဆန္ဒပြမှုများဖြစ်ပွား

တူနီးရှား၌ သတင်းသမားတစ်ဦး မီးရှို့သတ်သေခဲ့ပြီးနောက် ဆန္ဒပြမှုများဖြစ်ပွား

တူနီးရှားနိုင်ငံရှိ စီးပွားရေးပြဿနာများကို မီးမောင်းထိုးပြသည့်အနေဖြင့် သတင်းသမားတစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့သတ်သေပြခဲ့ပြီးနောက် တူနီးရှားနိုင်ငံတစ်ဝန်း ဒီဇင်ဘာ ၂၅ ရက်တွင် ချီတက်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

သတင်းသမား အက်ဘ်ဒါရာဇက် ဇော်ဂွီသည် ကာဆဲရင်မြို့၌ စီးပွားရေးအရ ရုန်းကန်နေရကြောင်းကို အွန်လိုင်း၌ ဗီဒိီယိုဖိုင်တစ်ခုတင်ကာ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်မီးရှို့ခဲ့ခြင်းဖြစ်သည်။ တော်လှန်ပုန်ကန်ကြရန်လည်း ဇော်ဂွီက တိုက်တွန်းခဲ့သည်။ တူနီးရှား၌ ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အာရပ်ကမ္ဘာ၏နိုင်ငံရေးနိုးထမှုနောက်ပိုင်းတွင် အစိုးရက ပေးထားသည့် ကတိများကို မတည်ခဲ့ခြင်းနှင့် နိုင်ငံတွင်း အလုပ်အကိုင်မဲ့နေခြင်းတို့နှင့်ပတ်သက်၍ စိတ်ပျက်မိကြောင်း ၎င်းကပြောဆိုခဲ့သည်။

ဇော်ဂွီသည် ဒီဇင်ဘာ ၂၄ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ကက်ဆဲရင်မြို့၌ အကြမ်းဖက်မှုပါဝင်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများသုံးပြီး လူစုခွဲခဲ့ကာ ဆန္ဒပြသူများကလည်း လမ်းများကိုပိတ်ဆို့ခြင်းနှင့်ရဲတပ်ဖွဲ့ဝင်များအား ကျောက်ခဲများဖြင့် ပစ်ခတ်ခြင်းတို့ကိုပြုလုပ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြမှုတွင်ပါဝင်ခဲ့သည့် လူအများအပြားကိုဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဆိုဖီ ဇာယက်ကပြောဆိုခဲ့သည်။

၂၀၁၁ ခုနှစ်တွင် နိုင်ငံတွင်း အလုပ်အကိုင်မဲ့နေမှု၊ အကျင့်ပျက်ခြစားမှုနှင့် အစိုးရက ဖိနှိပ်မှုများကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ခေါင်းရွက်ဗြက်ထိုးဈေးသည်တစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့သတ်သေခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ဆူပူအုံကြွမှုများဖြစ်ပွားက ယင်းအချိန်က ဗဟိုချုပ်ကိုင်မှုကြီးမားသော သမ္မတပြုတ်ကျခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် တူနီးရှား၌ ဒီမိုကရေစီစနစ်ကိုကျင့်သုံးလာခဲ့ပြီး အာရပ်ကမ္ဘာတစ်ဝန်းတွင်လည်း အလားတူလှုပ်ရှားမှုများရှိလာခဲ့သည်။

ဇော်ဂွီ၏ ဈာပနကို ဒီဇင်ဘာ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည်။ ကက်ဆဲရင်မြို့၌ အလုပ်အကိုင်မဲ့မှုနှုန်းနှင့် ဆင်းရဲမွဲတေမှုနှုန်းမြင့်တက်နေပြီး အယ်လ်ခိုင်ဒါအဖွဲ့၊ အိုင်အက်စ်အဖွဲ့တို့နှင့်ပတ်သက်မှုရှိသော အကြမ်းဖက်သမားများ၏အန္တရာယ်ပေးမှုလည်းရှိနေသည်။

သတင်းသမားသေဆုံးမှုနှင့်ဆက်စပ်ပြီး ဆန္ဒပြမှုများပြုလုပ်ရန် တူနီးရှားအမျိုးသားဂျာနယ်လစ်သမဂ္ဂက တောင်းဆိုခဲ့သည်။ နိုင်ငံတော်က အကျင့်ပျက်ခြစားမှုကို မတိုက်ဖျက်သောကြောင့် ဇော်ဂွီသေဆုံးရခြင်းဖြစ်ကြောင်း သမဂ္ဂ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။