တောင်မြောက်ကိုရီးယားနှစ်နိုင်ငံ ရထားလမ်းချိတ်ဆက်ပွဲကျင်းပ၊ ဆန်ရှင်များကြောင့် ရထားလမ်းစီမံကိန်းမူကား စတင်နိုင်ဦးမည်မဟုတ်

တောင်မြောက်ကိုရီးယားနှစ်နိုင်ငံ ရထားလမ်းချိတ်ဆက်ပွဲကျင်းပ၊ ဆန်ရှင်များကြောင့် ရထားလမ်းစီမံကိန်းမူကား စတင်နိုင်ဦးမည်မဟုတ်

တောင်မြောက်ကိုရီးယားနှစ်နိုင်ငံသည် ရထားလမ်းချင်း ချိတ်ဆက်ပွဲကို နယ်စပ်ရှိ မြောက်ကိုရီးယားဘက်ခြမ်း ကေဆောင်မြို့တွင် ဒီဇင်ဘာ ၂၆ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

နယ်စပ်တွင် ရထားလမ်းချင်း ချိတ်ဆက်ပွဲကို ကျင်းပခဲ့သော်လည်း နျူကလီးယားသဘောတူညီချက်ရရှိကာ အမေရိကန် ဆန်ရှင်များ ရုပ်သိမ်းပေးပြီးနောက်တွင်မှ မြောက်ကိုရီးယား ရထားလမ်းများ အဆင့်မြှင့်တင်ပြီး ရထားများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် ပြေးဆွဲနိုင်ဖွယ်ရှိသည်။

ကေဆောင်မြို့တွင် ကျင်းပသည့် ရထားလမ်းချင်း ကနဦး ချိတ်ဆက်ပွဲသို့ တောင်ကိုရီးယားဘက်မှ နှစ်နိုင်ငံ ပြန်လည်ညီညွတ်ရေးဝန်ကြီးဌာန ဝန်ကြီး ချိုမြောင်ဂွန်နှင့် အစိုးရ အရာရှိများ၊ လွှတ်တော်အမတ်များနှင့် ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲကာလအတွင်း ကွဲကွာခဲ့ရသော သက်ကြီးရွယ်အို မိသားစုဝင်အချို့အပါအဝင် လူ ၁၀ဝ ခန့် ရထားဖြင့် သွားရောက်ခဲ့ကြကြောင်း သိရသည်။ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး မြောက်ကိုရီးယားဌာန အကြီးအကဲ ရီဆွန်ဝန်နှင့် အစိုးရအရာရှိများက ကြိုဆိုခဲ့ကြသည်။

တောင်မြောက် ကိုရီးယား ကိုယ်စားလှယ်များသည် နှစ်နိုင်ငံ ရထားလမ်းချိတ်ဆက်ကြောင်း သဘောတူချက်ကို သစ်သားပြားပေါ်တွင် လက်မှတ်ရေးထိုးခဲ့သလို၊ ကေဆောင်မြို့ ပန်မန် ဘူတာတွင် တောင်မြောက်နှစ်နိုင်ငံမှ ရထားလမ်းချင်းကို အခမ်းအနားဖြင့် ချိတ်ဆက်ခဲ့ကြသည်။

အခမ်းအနားသို့ တရုတ်နှင့် ရုရှား ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ တောင်ကိုရီးယားရထားလမ်း ခုတ်မောင်းနိုင်စေရန်အတွက် မြောက်ကိုရီးယား ရထားလမ်းစနစ်များကို အချိန်ယူကာ အဆင့်မြှင့်တင်ရန် လိုအပ်နေသေးသည်။

တောင်ကိုရီးယားဘက်မှ နှစ်နိုင်ငံ ပြန်လည်ညီညွတ်ရေးဝန်ကြီးဌာန ဝန်ကြီး ချိုမြောင်ဂွန်နှင့်အဖွဲ့ဝင်များ နယ်စပ်သို့ ထွက်ခွာရန် ဆိုးလ်ဘူတာရုံသို့ ရောက်ရှိလာစဉ်။