ဆေးခြောက်ကို ဆေးကုသရာတွင် အသုံးပြုခွင့်ပေးသည့် ဥပဒေ ထိုင်းလွှတ်တော်အတည်ပြု

ဆေးခြောက်ကို ဆေးကုသရာတွင် အသုံးပြုခွင့်ပေးသည့် ဥပဒေ ထိုင်းလွှတ်တော်အတည်ပြု

ထိုင်းလွှတ်တော်သည် ဆေးခြောက်ကိုသာမက အကိုက်အခဲပျောက်ဆေးအဖြစ်အသုံးပြုနေသည့် ရိုးရာခရာတွမ်အပင်ကိုပါ ဆေးကုရာတွင် အသုံးပြုခွင့်ပြုသည့်အနေဖြင့် မူးယစ်ဆေးဝါးဆိုင်ရာဥပဒေကို ပြင်ဆင်ဖြည့်စွက်ချက်တစ်ခုကို ဒီဇင်ဘာ ၂၅ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။

ဥပဒေပြင်ဆင်ဖြည့်စွက်ချက်သည် ထိုင်းပြည်သူများအား နှစ်သစ်ကူးလက်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း လွှတ်တော်အမတ်တစ်ဦးကပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံ၌ ဆေးခြောက်ကို တိုင်းရင်းဆေးတစ်မျိုးအဖြစ် သတ်မှတ်ခဲ့သော်လည်း ၁၉၃၀ ပြည့်နှစ်ကျော်ကာလများမှစ၍ ဆေးခြောက်အသုံးပြုခွင့်ကိုပိတ်င်ခဲ့သည်။

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၌ ဆေးခြောက်ကို ဆေးကုသရာတွင် အသုံးပြုခွင့်ပေးသည့် ပထမဆုံးနိုင်ငံဖြစ်သည်။ မလေးရှားသည်လည်း အလားတူလုပ်ဆောင်ရန် စီစဉ်နေပြီဖြစ်သည်။ ယခုလအစောပိုင်းတွင်လည်း နယူးဇီလန်အစိုးရသည် ဆေးခြောက်ကို ဆေးကုသရာတွင် အသုံးပြုခွင့်ပေးသည့် ဥပဒေကြမ်းတစ်ခုကို အတည်ပြုခဲ့သည်။

မူးယစ်ဆေးဝါးဆိုင်ရာဥပဒေပြင်ဆင်ဖြည့်စွက်ချက်နှင့်ပတ်သက်၍ ထိုင်းလွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၆၆ မဲ၊ ကန့်ကွက်မဲ သုညနှင့် ပျက်ကွက်မဲ ၁၃ မဲတို့ဖြင့် အတည်ပြုနိုင်ခဲ့သည်။ ဥပဒေအရ ဆေးခြောက်နှင့် ခရာတွမ်အပင်တို့ကို ထုတ်လုပ်ခွင့်၊ တင်ပို့ခွင့်၊ တင်သွင်းခွင့်၊ လက်ဝယ်ထားရှိခွင့်နှင့် အသုံးပြုခွင့်တို့ရရှိမည်ဖြစ်သည်။

ထုတ်လုပ်သူများနှင့် သုတေသနပညာရှင်များသည် ဆေးခြောက်နှင့်ပတ်သက်၍ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ပြီး အသုံးပြုလိုသူများသည် ဆရာဝန်၏ခွင့်ပြုချက်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ ဆေးခြောက်ကို တစ်ကိုယ်ရေသုံးစွဲမှုမှာမူ တရားမဝင်သော လုပ်ရပ်ဖြစ်နေဆဲဖြစ်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။

ဆေးခြောက်တွင် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများရှိနေကြောင်း သုတေသနများအရ သိရှိခဲ့ရပြီး ကမ္ဘာ့နိုင်ငံများစွာသည် ၎င်းတို့နိုင်ငံသားများ ဆေးခြောက်ကိုတရားဝင်အသုံးပြုခွင့်ရရှိရေးအတွက် ဥပဒေများကို ပြောင်းလဲခြင်းနှင့် အတည်ပြုခြင်းတို့ကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း လွှတ်တော်မှတ်တမ်းတွင်ဖော်ပြထားသည်။