အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန် ပုဂ္ဂိုလ်သုံးဦး

အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန် ပုဂ္ဂိုလ်သုံးဦး

အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန် ပုဂ္ဂိုလ်သုံးဦး

ဦးအောင်နိုင်ဦး

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကို အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်ထူးချွန်ပုဂ္ဂိုလ်အဖြစ် မြန်မာတိုင်း(မ်)က ရွေးချယ်ဖော်ပြလိုက်သည်။ ဦးအောင်နိုင်ဦးသည် အစိုးရအဖွဲ့၏ စီးပွားရေးဖော်ဆောင်မှုများအနက် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ၊ ကုမ္ပဏီများဆိုင်ရာ ကိစ္စရပ်များအတွက် ကောင်းမွန်စွာ ဖော်ဆောင်လုပ်ကိုင်နိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း အသက်ဝင်ခဲ့သည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ထွက်ပေါ်လာရေးတွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁ ရက်တွင် ကုမ္ပဏီများ မှတ်ပုံတင်ခြင်းဆိုင်ရာအပြင် အခြားသောကိစ္စရပ်များကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် MyCo ဝက်ဘ်ဆိုက်စာမျက်နှာ ဖြစ်ပေါ်လာရေး ကြိုးပမ်းနိုင်ခဲ့သည်။ ၎င်းအချက်သည် အစိုးရအဖွဲ့၏ E-Government အတွက် စွန့်ဦးလုပ်ဆောင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် ကုမ္ပဏီအခွန်ထမ်းဆောင်မှု အမှတ်နံပါတ်ကိုလည်း ကုမ္ပဏီမှတ်ပုံတင်အမှတ်နှင့် တစ်ခုတည်းဖြစ်လာစေရန် ပြည်တွင်းအခွန်ဦးစီးဌာနနှင့် ပူးပေါင်းစွမ်းဆောင်နိုင်ခဲ့သည်။ ကုမ္ပဏီမှတ်ပုံတင်ကြေးများ ကျဆင်းသွားရန်လည်း စွမ်းဆောင်နိုင်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံချက် (Myanmar Investment Promotion Plan-MIPP) ထွက်ပေါ်လာရန် စွမ်းဆောင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များအတွက် ပြပွဲများကို စီမံနိုင်ခဲ့သလို နိုင်ငံတကာသို့ သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းဦးဆောင်သော ဦးစီးဌာနဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကိုလည်း ပြည်သူများနှင့် ကုမ္ပဏီတာဝန်ရှိသူများအပေါ် ဆက်ဆံရေးကောင်းမွန်ခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိသည့် ဌာနအဖြစ် ရှိလာစေရန် ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။ ဌာနဖွဲ့စည်းပုံနှင့် ရုံးတွင်းဆောင်ရွက်မှုအပိုင်းတွင် စနစ်ကျကောင်းမွန်စွာ ပြုပြင်ပြောင်းလဲနိုင်သူအဖြစ် နာမည်ကောင်းရရှိနေသူတစ်ဦးလည်းဖြစ်သည်။ ဌာနလုပ်ငန်းစဉ်များကို အများပြည်သူများသိရှိစေရန် နှစ်ပတ်တစ်ကြိမ် မီဒီယာတွေ့ဆုံပွဲများပြုလုပ်ခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်နိုင်သူတစ်ဦးလည်းဖြစ်သည်။

ဦးစိုးသိန်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကို အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန်ပုဂ္ဂိုလ်အဖြစ် မြန်မာတိုင်း(မ်)က ရွေးချယ်ဖော်ပြလိုက်သည်။ ဦးစိုးသိန်းသည် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ဗဟိုဘဏ်ကို ပွင့်လင်းမြင်သာမှုရှိသည့် အဖွဲ့အစည်းအဖြစ် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သည်။ သတင်းစာရှင်းလင်းပွဲများနှင့် အစိုးရရုပ်သံလိုင်းများမှတစ်ဆင့် ဗဟိုဘဏ်၏ လုပ်ဆောင်ချက်များကို အများပြည်သူသို့ အသိပေးရှင်းပြမှုများကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ရာထူးအတွက် ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် သမ္မတဦးထင်ကျော်၏ အသိအမှတ်ပြုချက်ဖြင့် ရာထူးခန့်အပ်ခြင်းခံခဲ့ရသည်။ ဒုဥက္ကဋ္ဌ ရာထူးတာဝန်နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးပိုင်းကို အဓိက တာဝန်ယူပြီး ကိုင်တွယ်ခဲ့သည်။ ပြည်တွင်းဘဏ်များ၏ စာရင်းပိုထုတ်ချေးငွေ (Overdraft) များကို လျှော့ချသွားရန်၊ ပမာဏကြီးမားသော ကြွေးမြီများကို သတ်မှတ်ပမာဏသို့ လျှော့ချရန်၊ မတည်ရင်းနှီးငွေ လုံလောက်မှု အချိုးကို တွက်ချက်ရန်၊ ဘဏ်နှင့်ဆက်နွှယ်သူများ (Related Parties) ကို ဗဟိုဘဏ်သို့ ထုတ်ဖော်ပြရန် စည်းမျဉ်းများကို ကိုင်တွယ်ခဲ့သည်။ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းကို ပြင်ဆင်ညွှန်ကြားခဲ့သည်။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် နိုင်ငံခြားဘဏ်လုပ်ငန်းများကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မည်သည့် ချေးငွေကိုမဆို (Any Financing) ဆောင်ရွက်ခွင့်နှင့် အခြားသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ (Other Banking Services) ဆောင်ရွက်ခွင့်ပြုခဲ့သည်။ လာမည့်နှစ်ဆန်းပိုင်းတွင်လည်း ဘဏ်လုပ်ငန်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများ ထပ်မံထုတ်ပြန်ရန်နှင့် အတိုးနှုန်းဖြေလျှော့ချက်များ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။ ဦးစိုးသိန်းသည် ယခင်က ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန (ယခု-စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမ·းဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားအရာရှိတစ်ဦးလည်းဖြစ်သည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD) ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါက်တာဝင်းမြတ်အေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်ထူးချွန်ပုဂ္ဂိုလ်အဖြစ် မြန်မာတိုင်း(မ်)က ရွေးချယ်ဖော်ပြလိုက်သည်။ ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးရာထူးအပြင် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်းဒုတိယဥက္ကဋ္ဌ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် နေရာချထားရေးကော်မတီဥက္ကဋ္ဌ ရာထူးတာဝန်များကို ပူးတွဲထမ်းဆောင်လျက်ရှိသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရသစ်လက်ထက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများအပြင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှုလုပ်ငန်များကို အကောင်းဆုံး ပါဝင်ဆောင်ရွက်နိုင်ခဲ့သူဖြစ်သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာသံတမန်အသိုက်အဝန်း၏ အပြုသဘောဆောင် ချဉ်းကပ်မှု ရရှိအောင်ဆောင်ရွက်နိုင်ခဲ့သလို အာရှပစိဖိတ်ဒေသတွင်းအပါအဝင် အာဆီယံနိုင်ငံများ၏ ကူညီထောက်ပံ့မှုရရှိအောင်နှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သူလည်းဖြစ်သည်။ သတင်းမီဒီယာနှင့် ဆက်ဆံရေးကောင်းမွန်သလို  မြန်မာနိုင်ငံအနှံ့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အချိန်နေရာမရွေး သွားရောက်နိုင်ခဲ့ပြီး ဆိုရှယ်မီဒီယာကို ကောင်းစွာ အသုံးချနိုင်ခဲ့သူလည်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး