အီရတ်နှင့်ဆီးရီးယားတွင် အိုင်အက်စ်တို့ အင်အားကောင်းဆဲဖြစ်

အီရတ်နှင့်ဆီးရီးယားတွင် အိုင်အက်စ်တို့ အင်အားကောင်းဆဲဖြစ်

အာဘီလ်  (အီရတ်)-အိုင်အက်စ်အိုင်အက်စ်ခေါ် အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့က တိုက်ခိုက်ရေးသမားများသည် သံချပ်ကာယာဉ်တန်းများ၊  မော်တော်ဆိုင်ကယ် များဖြင့် ဆီးရီးယား အရှေ့ပိုင်းအတွင်းသို့ နိုဝင်ဘာလအကုန်ပိုင်းက ဝင်ရောက်ကာ ဒါအယ်လ်-ဇောမြို့ အနီးရှိအမေရိကန် ကျောထောက်နောက်ခံပြုထားသည့် စစ်သားများကို မမျှော်လင့်ဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

အမေရိကန် စစ်လေယာဉ်များ အကူအညီဖြင့် ၎င်းတို့ကိုမတိုက်ထုတ်ခင် တိုက်ခိုက်ရေးသမားများသည် တပ်စခန်းများကို စီးနင်းကာ စစ်သားများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။ နောက်တစ်နေ့တွင် အီရတ်နိုင်ငံမြောက်ပိုင်း နိုင်းဗေးပြည်နယ်တွင် လမ်းဘေး၌ထောင်ထားသည့် ဗုံးတစ်လုံးကြောင့် ရွာရှိကျောင်းသို့ ထရပ်ကားဖြင့်သွားရောက်ကြသည့် ကလေးငယ် လေးဦးသေဆုံးခဲ့ရသည်။ ဒေသခံတာဝန်ရှိသူများက အဆိုပါအဖြစ်အပျက်ကို ဝမ်းနည်း ကြေကွဲဖွယ်ရာဟု ပြောကြားသော်လည်း အံ့သြခြင်းမရှိပါ။ အီရတ်တွင် အိုင်အက်စ်စစ်သွေးြွကများကို အနိုင်ရရှိပြီဟု တရားဝင်ထုတ်ပြန် ကြေညာသည့်နှစ်မှ စတင်ကာ အဆိုပါ ပြည်နယ်တွင် လစဉ် ထိုသို့ တိုက်ခိုက်မှုမျိုး ၁၇ ခုခန့် ကြုံတွေ့ခဲ့ရသည်။

အိုင်အက်စ်အိုင်အက်စ်တို့၏ နယ်မြေတောင်းဆိုမှုသည် ကျဉ်းမြောင်းသွားသော်လည်း ဆီးရီးယားနှင့် အီရတ်တစ်ခွင်တွင် ၎င်းတို့အုပ်စုသည် အင်အားကောင်းသော လက်နက်ကိုင်အုပ်စုအဖြစ် ကျန်ရှိနေသေးသည်။ အချို့ဒေသများတွင် အိုင်အက်စ်စစ်သွေးကြွများသည် အရှိန်ရလာပြီး ရက်စက်ကြမ်းကြုတ်သောသူပုန်အဖြစ် ပြန်လည်ဖွဲ့စည်းကာ ဒေသခံခေါင်းဆောင်များ၊ ရဲအရာရှိများကိုသတ်ဖြတ်ကာ လူထူကို ထိတ်လန့်ကြောက်ရွံ့အောင် ပြုလုပ်သည်ဟု ဝေဖန်ဆန်းစစ်သူများက ပြောကြားသည်။

ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာမည်ဟု ဒီဇင်ဘာ ၁၉ ရက်က ထရမ့်အစိုးရ၏ ရုတ်တရက် ကြေညာချက်မတိုင်ခင် အင်တာဗျူးတစ်ခုတွင် "သူတို့ တွေက ပြန်လည်ဖွဲ့စည်းပြီး ပြန်လည်လှုပ်ရှားနေကြပြီ" ဟု အီရတ်ရှိ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသခံအစိုးရ ထိပ်တန်းလုံခြုံရေး အရာရှိတစ်ဦးဖြစ်သူ မက်စ်ရိုအာဘာဇာနီက ပြောကြားခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်က တွစ်တာတွင် ဒီဇင်ဘာ ၁၉ ရက်က အိုင်အက်စ်တို့ကို အနိုင်ရပြီဟု ရေးသားဖော်ပြခဲ့ခြင်းသည် မမှန်ကန်ရုံမျှသာမက ကြောက်ဖွယ်လိလိ အထင်အမြင်မှားစေသည်ဟု လုံခြုံရေး ကျွမ်းကျင်သူများက ဖော်ပြသည်။

အမေရိကန်တပ်ဖွဲ့ဝင်များ ဆီးရီးယားမှ ရုတ်တရက်ဆုတ်ခွာခြင်းကြောင့် နှစ်နိုင်ငံစလုံး၏ နယ်စပ်တွင် အိုင်အက်စ်အုပ်စု၏ ပုန်ကန်ထြွကမှု အရှိန်ရလာမည်မှာ သေချာသလောက်ဖြစ်နေကြောင်း ၎င်းတို့ကပြောကြားသည်။

အမေရိကန် စစ်တပ်မရှိပါက အိုင်အက်စ်တို့သည် ဆီးရီးယား၌ခြေကုပ် ပြန်လည်ရယူကာ ထိုမှတစ်ဆင့် အီရတ်နိုင်ငံအတွင်းသို့ အကြမ်းဖက်လုပ်ရပ်များ တိုက်ရိုက်လုပ်ဆောင်ကာ ဒေသတွင်းနှင့် ဒေသကိုကျော်လွန်ကာ အကြမ်းဖက်မှုများ နေရာအနှံ့ ဖြစ်ပွားနိုင်သည်။

နွယ်နွယ်ယဉ် ဘာသာပြန်သည်။