နိုင်ငံတကာဝေလငါးဖမ်းဆီးမှု ကော်မရှင်မှနုတ်ထွက်ရန် ဂျပန်စဉ်းစား

နိုင်ငံတကာဝေလငါးဖမ်းဆီးမှု ကော်မရှင်မှနုတ်ထွက်ရန် ဂျပန်စဉ်းစား

တိုကျို-ဂျပန်နိုင်ငံသည် ဝေလငါး စီးပွားဖြစ် ဖမ်းဆီးနိုင်ရေးအတွက် ထောက်ခံအားပေးမှုရရှိရန် ဆယ်စုနှစ်များစွာ ကြိုးပမ်းခဲ့ပြီးနောက် မအောင်မြင်သောကြောင့် ဝေလငါး စီးပွားဖြစ် ဆက်လက်ဖမ်းဆီးရန် နိုင်ငံတကာ ဝေလငါးဖမ်းဆီးမှု ကော်မရှင်မှ နုတ်ထွက်ရေးကို  စဉ်းစားလျက်ရှိသည်။

ဂျပန် အကြီးအကဲများက နောက်ဆုံးဆုံးဖြတ်ချက်မချရသေးသော်လည်း နုတ်ထွက်ဖို့စဉ်းစားလျက်ရှိကြောင်း ငါးဖမ်းလုပ်ငန်းအေဂျင်စီတစ်ခုက ပြောကြားခဲ့သည်။ ယခုနှစ် စက်တင်ဘာလတွင် ပြုလုပ်ခဲ့သော နိုင်ငံတကာ ဝေလငါးဖမ်းဆီးခြင်းဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ဝေလငါး စီးပွားဖြစ်ဖမ်းဆီးခွင့်ပြုရေး တောင်းဆိုချက်မှာ ပယ်ချခံခဲ့ရသည်။

ကမ္ဘာ့ပင်လယ်ပြင်များတွင် ဝေလငါးကောင်ရေ တစ်နေ့တခြား လျော့ပါးလာသောကြောင့် ၁၉၈၀ ပြည့်လွန်နှစ်များကာလတွင် ဝေလငါး စီးပွားဖြစ် ဖမ်းဆီးခြင်းကို အဆိုပါ ကော်မရှင်က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် သုတေသနဆောင်ရွက်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ဝေလငါး ဖမ်းဆီးခြင်းကို လုပ်ဆောင်ခဲ့ပြီး လက်ရှိအခြေအနေတွင် အကောင်အရေအတွက်များစွာရရှိသော စီးပွားဖြစ် ဖမ်းဆီးခြင်းကို ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဝေလငါးအကောင်အရေအတွက် ထိန်းသိမ်းလုပ်ဆောင်ရမည့်အစား ဝေလငါး ဖမ်းဆီးမှုကို ဆန့်ကျင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်လာကြောင်း ဂျပန် ဝေလငါးဖမ်းဆီးခြင်းဆိုင်ရာ အကြီးအကဲများက ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ် နိုင်ငံတကာ တရားရုံးချုပ်က ပြဋ္ဌာန်းချက် ထုတ်ပြန်ခဲ့ပြီးနောက် ဂျပန်နိုင်ငံက ဝေလငါးဖမ်းဆီးခြင်းကို လျှော့ချခဲ့သည်။

ခန့်လင်းဦး ဘာသာပြန်သည်။