ဘာလင် (အေပီ)-ရေထုညစ်ညမ်းမှုကို လျှော့ချရန် တည်ထောင်ထားသော အဖွဲ့အစည်း၏ အကြံပြုချက်များကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် ဥရောပပါလီမန် အရာရှိများက ဒီဇင်ဘာ ၁၉ ရက်တွင် ထောက်ခံခဲ့ပြီးနောက် ၂၈ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂအဖွဲ့၏ တစ်ခါသုံးပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ပစ္စည်းများ သုံးစွဲမှုပိတ်ပင်ရန် ကြိုးပမ်းမှုအောင်မြင်ရန် နီးစပ်လာခဲ့သည်။
သမုဒ္ဒရာများတွင် ပလတ်စတစ်ပစ္စည်း စွန့်ပစ်မှုများကို ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ လှုပ်ရှားသူများက ရပ်ဆိုင်းရန်တောင်းဆိုခဲ့ကြသည်။ ပလတ်စတစ်ဖြင့်ပြုလုပ်ထားသော ပစ္စည်းများ ဖြစ်သောကြောင့် သမုဒ္ဒရာ ရေအောက်ကြမ်းပြင်တွင် ပျက်စီးခြင်းမရှိဘဲ တဖြည်းဖြည်း များပြားစုပုံလာကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ သတ္တဝါတို့၏ အစာကွင်းဆက်တွင် မှုန်မွှားသော မိုက်ကရို ပလတ်စတစ်ပစ္စည်းများကို တွေ့ရှိခဲ့ပြီး လူသားကျန်းမာရေးနှင့် ပတ်သက်၍မူ မသိရှိသေးကြောင်း သိပ္ပံပညာသုတေသနပြုချက်များက တွေ့ရှိထားသည်။
"ပလတ်စတစ်အိတ်နဲ့ ငါးကိုထုပ်ပြီး အိမ်ကိုယူလာခဲ့ပြီး နောက်တစ်နှစ်မှာ ငါးရဲ့ဗိုက်ထဲမှာ အဲဒီပလတ်စတစ်ကို ပြန်တွေ့ရတဲ့ အခြေအနေကို ကျွန်ုပ်တို့ကြုံတွေ့နေပြီ" ဟု ပတ်ဝန်းကျင် ရေကြောင်းရေးရာနှင့် အဏ္ဏဝါ ဥရောပ ကော်မရှင်အဖွဲ့ဝင် ကမ်မန်နူဗယ်လာက ပြောကြားခဲ့သည်။ နှစ်စဉ် ပလတ်စတစ်စွန့်ပစ်ပစ္စည်း ၂၈ ဒသမ ၄ သန်း မက်ထရစ်တန်၏ ၆၀ ရာခိုင်နှုန်းနီးပါးမှာ ထုပ်ပိုးမှုကဖြစ်ကြောင်း ဥရောကော်မရှင်က ခန့်မှန်းခဲ့ပြီး ပြန်လည် သုံးစွဲမည့်အစား တတိယကမ္ဘာနိုင်ငံများသို့ တင်ပို့ကြကြောင်းသိရသည်။
အဆိုပါ ပိတ်ပင်မှုကြောင့် ဂျာမနီနိုင်ငံ တစ်နိုင်ငံတည်း၏ ပလတ်စတစ် စွန့်ပစ်ပစ္စည်း မက်ထရစ်တန် ၂၅၀çဝ၀ဝ ခန့်ကို ပိတ်ပင်နိုင်မည်ဟု ဂျာမန် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နာဘူးက အတည်ပြုခဲ့သည်။ အဆိုပါပိတ်ပင်မှုကို တရားဝင်အတည်ပြုနိုင်ခဲ့ပါက တစ်ခါသုံး ပလတ်စတစ် ထုတ်ကုန်ပစ္စည်းသုံးစွဲမှုကို နှစ်နှစ် ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။ ၂၀၃၀ ပြည့်နှစ်တွင် မော်တော်ယာဉ်ထုတ်လုပ်မှု လျှော့ချကန့်သတ်ရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပလွှတ်တော်တို့က သဘောတူညီခဲ့ပြီးနောက် အဆိုပါပိတ်ပင်မှုကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

















