မိုင်လေဆိုင်းရပ်စ်နှင့် လီယမ် ဟမ်စ်ဝါ့သ်တို့ လက်ထပ်

မိုင်လေဆိုင်းရပ်စ်နှင့် လီယမ် ဟမ်စ်ဝါ့သ်တို့ လက်ထပ်

အမေရိကန်ပေါ့အဆိုတော် မိုင်လေ ဆိုင်းရပ်စ်နှင့် သြစတြေးလျနိုင်ငံသား သရုပ်ဆောင်ဖြစ်ပြီး မိုင်လေဆိုင်းရပ်စ်နှင့်လည်း ကာလရှည်လက်တွဲခဲ့သူလည်းဖြစ်သည့် လီယမ် ဟမ်စ်ဝါ့သ်တို့ လက်ထပ်လိုက်ပြီဖြစ်သည်။

မင်္ဂလာပွဲကျင်းပနေသည့် ဓာတ်ပုံများကို မိုင်လေ ဆိုင်းရပ်စ်က လူမှုမီဒီယာတွင် ဖော်ပြခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးလက်ထပ်ပြီးစီးကြောင်းကို အများပြည်သူသိရှိခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၃ ရက်တွင် လက်ထပ်ခဲ့ခြင်းဖြစ်သည်။

ဆိုင်းရပ်စ်နှင့် ဟမ်စ်ဝါ့သ်တို့သည် လွန်ခဲ့သော ၁၀ နှစ်တွင် The Last Song ရုပ်ရှင်ရိုက်ကူးရင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ နိုဝင်ဘာတွင် ကယ်လီဖိုးနီးယား၌ တောမီးလောင်ကျွမ်းမှုအတွင်း ၎င်းတို့နှစ်ဦးသည် နေအိမ်ကို ဆုံးရှုံးခဲ့သည်။

လက်ထပ်ပွဲကို တင်နက်ဆီပြည်နယ် ဖရန်ကလင်ရှိ ဆိုင်းရပ်စ်ပိုင်ဆိုင်သော နေအိမ်တစ်လုံးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

မိသားစုဝင်များနှင့် ရင်းနှီးသော မိတ်ဆွေများသာတက်ရောက်ခဲ့သည့် အခမ်းအနားငယ်တစ်ခုသာဖြစ်ကြောင်း ဆိုင်းရပ်စ်ကပြောဆိုခဲ့သည်။

ဆိုင်းရပ်စ်နှင့် ဟမ်စ်ဝါ့သ်တို့သည် ၂၀၁၂ ခုနှစ်တွင် စေ့စပ်ခဲ့သော်လည်း နောက်တစ်နှစ်တွင် စေ့စပ်ပွဲကိုဖျက်သိမ်းခဲ့သည်။ ၎င်းတို့ကို ၂၀၁၅ ခုနှစ်တွင် အတူတကွပြန်လည်မြင်တွေ့ခဲ့ရပြီး ယင်းနောက်များမကြာမီတွင် စေ့စပ်လိုက်ပြန်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာတွင် မာလီဘူးရှိ နေအိမ်မှ ဘေးကင်းစွာလွတ်မြောက်ခဲ့ကြောင်း ဆိုင်းရပ်စ်က တွစ်တာ၌ ရေးသားခဲ့သည်။ မကြာသေးမီတွင် ဆိုင်းရပ်စ်သည် ခရစ္စမတ်ဂန္ထဝင်သီချင်းဖြစ်သည့် Santa Baby ကို အမျိုးသမီးအဓိကဝါဒီသီချင်းအဖြစ် ပြောင်းလဲသီဆိုခဲ့သည်။

လိုချင်သည့် အရာများကို ကိုယ်တိုင်ဝယ်ယူနိုင်သောကြောင့် ခရစ္စမတ်ဘိုးဘိုးကြီးထံမှ လက်ဆောင်များမလိုအပ်ကြောင်း ဆိုင်းရပ်စ်ကပြောဆိုခဲ့သည်။