ကြိုတင်ကြေညာမှုမပြုဘဲ အီရတ်ရှိအမေရိကန်တပ်များထံ သမ္မတထရမ့်နှင့် မယ်လင်နီယာတို့ ခရစ္စမတ်ခရီးသွားခဲ့

ကြိုတင်ကြေညာမှုမပြုဘဲ အီရတ်ရှိအမေရိကန်တပ်များထံ သမ္မတထရမ့်နှင့် မယ်လင်နီယာတို့ ခရစ္စမတ်ခရီးသွားခဲ့

ကြိုတင်ကြေညာမှုမပြုခဲ့ဘဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်ဇနီး မယ်လင်နီယာထရမ့်တို့သည် ခရစ္စမတ်ရက် ဒီဇင်ဘာ ၂၅ နှောင်းပိုင်းက အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များထံ သွားရောက်လည်ပတ်ခဲ့ပြီး ၄င်းတို့၏အမှုထမ်းမှု၊ အောင်မြင်မှုနှင့် စွန့်လွှတ်စွန့်စားမှုတို့အတွက် ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆီးရီးယားမှ အမေရိကန်တပ်အားလုံးရုပ်သိမ်းရေး၊ အာဖဂန်မှ တပ်အင်အား ထက်ဝက်လျှော့ချရေးစသည့် မဟာဗျူဟာအမြင်ကွဲပြားမှုကြောင့် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်နုတ်ထွက်သွားပြီး ရက်အနည်းငယ်အကြားတွင် အီရတ်သို့ ထရမ့်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အီရတ်မှ အမေရိကန်တပ်များကိုမူ ရုပ်သိမ်းရန်အစီအစဉ်မရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။

အီရတ်တွင် ကျန်ရှိနေသည့် အိုင်အက်စ်များကိုတိုက်ခိုက်ရာတွင် အီရတ် အစိုးရကိုကူညီရန် အမေရိကန်တပ်ဖွဲ့ဝင် ၅၀ဝ၀ ခန့် ရှိနေဆဲဖြစ်သည်။ သမ္မတထရမ့်နှင့် အီရတ်ဝန်ကြီးချုပ် အဒဲလ်အဒူလ်မာဒီတို့အကြား ဆွေးနွေးရန်အစီအစဉ်တစ်ရပ်မှာမူ စီစဉ်မှုအပေါ် သဘောတူညီမှုမရ၍ဆိုကာ ဖျက်သိမ်းခဲ့ရသည်။

ယင်းအစား ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ကြပြီး သမ္မတထရမ့်က ဝါရှင်တန်သို့ လာရောက်ရန် ဖိတ်ကြားချက်အား မစ္စတာမာဒီက လက်ခံခဲ့သည်ဟုဆိုသည်။

သမ္မတထရမ့်နှင့်အဖွဲ့လိုက်ပါသည့် အဲဖို့စ်ဝမ်းလေယာဉ်သည် ဘဂ္ဂဒက်အနောက်ပိုင်း အဲလ်အာဆတ် လေတပ်စခန်းသို့ ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး ထရမ့်အတွက် ယင်းဒေသတွင်း ပထမဆုံးခရီးစဉ်ဖြစ်သည်။

အီရတ်တွင် သုံးနာရီ ကြာပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပြီး ဂျာမနီရှိ ရမ်စတိန်းလေတပ်စခန်းတွင် ဆင်းသက်ဆီဖြည့်ရင်း ဂျာမနီရှိ အမေရိကန်တပ်ဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့သည်။

ဆီးရီးယားအရေးအတွက် သမ္မတထရမ့်၏ကာကွယ်ပြောဆိုချက်တွင် တူရကီသမ္မတ ရီးဆက်တေးရစ် အာဒိုဂမ်နှင့် တွေ့ဆုံခဲ့ရာ၌ ဆီးရီးယားတွင် အိုက်အက်စ်လက်ကျန်နှိမ်နင်းရေးကို တူရကီကတာဝန်ယူမည်ဖြစ်၍ အမေရိကန်တပ်များ အားလုံး ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ပါဝင်ခဲ့သည်။

အမေရိကန်သည် ကမ္ဘာ့ပုလိပ်ကြီး ဆက်လုပ်နေတော့မည်မဟုတ်ဟုလည်း ထရမ့်က ပြောဆိုခဲ့သည်။ ထရမ့်သည် ခရစ္စမတ်ကာလကို ဖလော်ရီဒါရှိ ဂေါက်ကလပ်တွင် အနားယူရန် စီစဉ်ခဲ့သော်လည်း အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းနေခြင်းကြောင့် ဝါရှင်တန်တွင်သာ နေထိုင်ခဲ့ကြောင်းလည်း သိရသည်။