သားဖြစ်သူအတွက် အမှန်တရားဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သူကို ဘော့စနီးယားဆာ့ဘ်အာဏာပိုင်များ ပြန်လွှတ်

သားဖြစ်သူအတွက် အမှန်တရားဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သူကို ဘော့စနီးယားဆာ့ဘ်အာဏာပိုင်များ ပြန်လွှတ်

သားဖြစ်သူ သေဆုံးမှုနှင့်ပတ်သက်၍ အမှန်တရားဖော်ထုတ်ပေးရန် တောင်းဆိုရာမှ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများဖြစ်ပွားအောင် လှုံ့ဆော်ခဲ့သူအဖြစ် သတ်မှတ်ခံထားရသည့် အမျိုးသားတစ်ဦးအား ဘော့စနီးယား ဆာ့ဘ်အာဏာပိုင်များက ဒီဇင်ဘာ ၂၆ ရက်တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။

ပြည်ထဲရေးဝန်ကြီး ဒရာဂန် လူကတ်၏လုံခြုံရေးကို ခြိမ်းခြောက်ခဲ့ကြောင်း စွပ်စွဲပြီး ဒါဗာ ဒရာဂျီချီဗစ်အား ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၅ ရက်တွင် ဖမ်းဆီးခဲ့သည်။ ဘော့စနီးယားဆာ့ဘ်မြို့တစ်မြို့ဖြစ်သည့် ဘန်ယာ လူကာ၌ ဥပဒေအရာရှိများက ဒရာဂီချီဗစ်ကို စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဒရာဂီချီဗစ်အား ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်သော်လည်း ယခုလောလောဆယ်တွင် ၎င်းကို ထိန်းသိမ်းထားရန် အစီအစဉ်မရှိကြောင်း ဥပဒေအရာရှိရုံးကပြောဆိုခဲ့သည်။ လွတ်မြောက်ပြီးနာရီအနည်းငယ်အကြာတွင် ဒရာဂီချီဗစ်သည် လူ ၁၀ဝ၀ ကျော်ကိုဦးဆောင်ပြီး ဘန်ယာလူကာ၌ ဆန္ဒပြမှုများကိုပြုလုပ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများ မြို့လယ်ရင်ပြင်သို့မဝင်ရောက်နိုင်ရန် ပိတ်ဆို့ခဲ့သည်။

မတ်လတွင် သားဖြစ်သူ သတ်ဖြတ်ခံခဲ့ရသည့် နေရာသို့ ဒရာဂီချီဗစ်သည် ဆန္ဒပြသူများကို ခေါ်ဆောင်သွားခဲ့သည်။

ဒီဇင်ဘာ ၂၅ ရက်တွင် ဒရာဂီချီဗစ်အား ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်ဆုံမှုများရှိခဲ့သော်လည်း ဒီဇင်ဘာ ၂၆ ရက်တွင်မူ ထိပ်တိုက်ဆုံမှုများမရှိခဲ့ချေ။

ဒီဇင်ဘာ ၂၄ ရက် ဆန္ဒပြမှုတွင်မူ အတိုက်အခံနိုင်ငံရေးသမားများနှင့် ဒရာဂီချီဗစ်၏ဇနီးဟောင်းအပါအဝင် လူများစွာ အဖမ်းခံခဲ့ရသည်။ အသက် ၂၁ နှစ်အရွယ်သားဖြစ်သူသေဆုံးမှုအတွက် အမှန်တရားရှာဖွေပေးရန် ဒရာဂီချီဗစ်သည် ဒေးဗစ်အတွက် တရားမျှတမှု ဆိုသည့်အမည်ဖြင့် လှုပ်ရှားမှုပြုလုပ်နေခြင်းဖြစ်သည်။ ဒရာဂီချီဗစ်၏လှုပ်ရှားမှုမှအစပြု၍ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

ဒရာဂီချီဗစ်၏သားဖြစ်သူသည် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များကပြောဆိုခဲ့သော်လည်း သေဆုံးသူ၏မိသားစုဝင်များကမူ တစ်စုံတစ်ဦးက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။