အက်စတိုးနီးယားတွင် အစိုးရလုပ်ငန်းအားလုံး စာရွက်မသုံးဘဲ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းနေ

အက်စတိုးနီးယားတွင် အစိုးရလုပ်ငန်းအားလုံး စာရွက်မသုံးဘဲ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းနေ

လူဦးရေ ၁ ဒသမ ၃ သန်းသာရှိသော အက်စတိုးနီးယားနိုင်ငံသည် အစိုးရလုပ်ငန်းများတွင် စာရွက်စာတန်းများ မသုံးဘဲ ဒစ်ဂျစ်တယ်စနစ်ကို အပြည့်အဝ အစားထိုး အသုံးပြုနိုင်ရေး ရည်မှန်းချက်ထား ကြိုးပမ်းလျက်ရှိသည်။

ကလေးများ မွေးစာရင်း မှတ်ပုံတင်ကိုလည်း မိဘများကိုယ်တိုင် အွန်လိုင်းမှ စာရင်းသွင်းနိုင်ပြီဖြစ်သည်။ မကြာခင်တွင် ဆေးရုံ၏ ထောက်ခံချက်ဖြင့် ကလေးကို မွေးစာရင်း အလိုလျောက်သွင်းပေးမည့်စနစ်ကိုပါ စတင်တော့မည်ဖြစ်ပြီး မိဘများထံသို့ အစိုးရက ဂုဏ်ပြုဝမ်းမြောက်စာကိုပါ အီးမေးက ပေးပို့ဦးမည်ဖြစ်သည်။

ဆေးဝါးလိုအပ်ပါကလည်း ကျန်းမာရေးဌာနသို့ အွန်လိုင်းက ဆက်သွယ်ကာ ရယူနိုင်သလို၊ မြို့တော်ခန်းမက တာဝန်ရှိသူ တစ်ဦးဦးကို ဆက်သွယ်လိုပါကလည်း ဖုန်းဆက်ရန်မလိုဘဲ အွန်လိုင်းကတစ်ဆင့် ဆက်သွယ်နိုင်သည်။ မိဘများအနေဖြင့် သားသမီးများ၏ ကျောင်းရလဒ်များကို သိလိုပါက ကျောင်းဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကာ ကြည့်ရှုနိုင်သည်။

သို့သော် လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းခြင်း၊ အိမ်ခြံမြေပိုင်ဆိုင်မှုများ လွှဲပြောင်းခြင်းကိုမူ လူကိုယ်တိုင် လုပ်ကိုင်ရန် အစိုးရက ညွှန်ကြားထားသည်။

အကြောင်းမှာ ထိုကိစ္စများသည် ဘဝတွင် အရေးပါသော အကြောင်းအရာများဖြစ်သောကြောင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်စေလို၍ဖြစ်ကြောင်း အက်စတိုးနီးယား အစိုးရက ပြောသည်။အစိုးရ၏ ရည်မှန်းချက်မှာ အစိုးရ လူလုံးမပြရဘဲ နိုင်ငံသားများဘဝ အဆင်ပြေအောင် နောက်ကွယ်က ကူညီဖြည့်ဆည်းပေးနိုင်ရန်ဖြစ်ကြောင်း အက်စတိုးနီးယား အစိုးရ ဒစ်ဂျစ်တယ်လုပ်ငန်းဆိုင်ရာ အကြံပေး မာတင် ကဲဗတ်က ပြောသည်။

ဆိုင်ဘာတိုက်ခိုက်မှုများကြောင့် ဒေတာများ  ပျက်စီး ပျောက်ဆုံးခြင်းမှ ကာကွယ်ရန်လည်း အက်စတိုးနီးယားသည် လက်ဇင်ဘာ့ခ်ကဲ့သို့ နိုင်ငံများတွင် ဒေတာသံရုံးများ ဖွင့်လှစ်ထားရှိကာ ဒေတာများသို့ အရန်သိုမှီးထားကြောင်း သိရသည်။